ဘီးလင်းမှာ ခရီးသည်တင်ယာဉ် မိုင်းဆွဲ၊ ပစ်ခတ်ခံရလို့ ယာဉ်နောက်လိုက်သေဆုံး၊ လေးဦးဒဏ်ရာရ

ဧပြီ၊ ၅

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ မနေ့ ဧပြီလ ၄ ရက် ည ၉ နာရီလောက်က ခရီးသည်တင်ယာဉ်တစီး မိုင်းဆွဲခံရတာနဲ့ပစ်ခတ်ခံရတာတွေကြောင့် ယာဉ်နောက်လိုက်တဦး သေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသအခြေစိုက်လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
 
“ရန်ကုန်တက်တဲ့ကားပဲလေ၊ သိတဲ့အချိန်က ယာဉ်နောက်လိုက်က သေနေပါပြီ၊ ဒဏ်ရာတွေလည်း ရကြတယ်၊ အဲဒီနေရာက ခဏခဏကို ပစ်ခံနေရတာပဲ၊ ညဘက် သိပ်မလုံခြုံတော့ဘူး” လို့ ဘီးလင်းမြို့နယ်အခြေစိုက်လူမှု ကူညီရေးအသင်းတာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ မော်လမြိုင်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ “အောင်ကျော်မိုး”ခရီးသည်တင်ယာဉ် တိုက်ခိုက်ခံခဲ့ရတာပါ။တိုက်ခိုက်ခံရတဲ့ ကားပေါ်မှာ ခရီး သည် စုစုပေါင်း ၄၅ဦးလိုက်ပါလာတယ်လို့ သိရပါတယ်။
 
တိုက်ခိုက်ခံရမှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူ အသက် ၃၀ နှစ်ဝန်းကျင်အရွယ် ကိုဇင်ကိုလတ်ဟာ လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ပွဲချင်းသေဆုံးခဲ့ပြီး အသက် ၅၀ နှစ်အရွယ် ဦးထွန်းထွန်း၊ အသက် ၂၇ နှစ်အရွယ် ကိုဇေ ယျာထွန်း၊ အသက် ၁၇ နှစ်အရွယ် မနှင်းဝေဇင်အပါအဝင် လေးဦးကတော့ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့မှာ ကျည်စ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
“ကနဦးသိထားတာက ဧရာဝတီဘက်များတယ်၊ ဒဏ်ရာတော့ များတဲ့သူတွေ ရှိတယ်၊ အသက်သေစေနိုင်လောက် တဲ့အထိတော့ မဟုတ်ဘူး” လို့ အထက်ပါ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။
 
လက်ရှိမှာထိခိုက်ဒဏ်ရာရသူတွေကို သိမ်ဇရပ်ဆေးရုံမှာ ဆေးကုပေးနပြီး အဲဒီထဲက တချို့ကတော့ နေအိမ်ပြန်ဖို့ စီစဉ်နေကြပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် knla နဲ့ pdf ပူးပေါင်းအဖွဲ့တွေလက်ချက်လို့ စစ်အုပ်စုဘက်က စွပ်စွဲထားကြပြီး ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေဘက်ကတော့ တစုံတရာ ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။
 
သထုံခရိုင်အတွင်းမှာ လှုပ်ရှားနေတဲ့ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အရာရှိတဦးကတော့ အခု ပစ်ခတ်တိုက်ခိုက်မှုဟာ ကာကွယ်ရေးအဖွဲ့ဘက်က မှားယွင်းပစ်ခတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
 
“မှားပြီး ပစ်မိတာနဲ့တူပါတယ်၊ အမည်တပ်ပြောတာ မကောင်းဘူးလေ၊ အမှန်တိုင်းပြောရရင် ပြည်သူလူထုကို ထိ ခိုက်နစ်နာတာကျတော့ မကောင်းဘူးလေ၊ တာဝန်ယူမှု တာဝန်ခံမှု ရှိစေချင်တယ်” လို့ သူက ပြောပါတယ်။
 
သထုံခရိုင်အတွင်းမှာ အရပ်သားကားတွေ ခရီးသည်တင်ယာဉ်တွေ အိမ်စီးကားတွေ မကြာမကြာ မိုင်းဆွဲတိုက်ခိုက် ခံရလေ့ရှိပြီး စစ်ကောင်စီဘက်ကတိုက်ခိုက်မှုရော တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ပါ ကြုံရတာတွေရှိ တယ်လို့ ဒေသခံတွေနဲ့အဲ့ဒီလမ်းပိုင်းအသုံးပြုနေသူတွေကပြောကြပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၂၇ရက်ကလည်း ဘီးလင်းမြို့နယ် ကမာဆိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ အ ကြင်နာတွဲလက် လူနာတင်ကား မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရလို့ လူနာနဲ့ ယာဉ်မောင်းဖြစ်သူတို့ ထိခိုက် ဒဏ်ရာ တွေ ရခဲ့ပါသေးတယ်။
 
ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ သူတို့ရဲ့ သထုံခရိုင်နယ်မြေအတွင်း ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ကို ၂၀၂၁ခုနှစ်ကတည်းက ထုတ်ပြန်ထားပါတယ်။
 
အရေးပေါ်အခြေအနေအရ မဖြစ်မနေသွားလာရမယ်ဆိုရင် သက်ဆိုင်ရာအဖွဲ့တွေဆီ ခွင့်ပြုချက်တောင်းခံဖို့၊ လမ်း တွေမှာ စစ်ဆေးတာကို ကြည်ကြည်ဖြူဖြူလက်ခံဖို့နဲ့ မလိုက်နာရင် ဖြစ်ပေါ်လာမယ့်နောက် ဆက်တွဲပြဿနာကို တာဝန်မယူဘူးလို့ KNU နဲ့ ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုတွေကဆိုထားပါတယ်။
 
ဓာတ်ပုံ – Google
ပုံစာ – ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမတနေရာကို တွေ့ရစဥ်