စစ်ကောင်စီ တိုက်လေယာဉ်ကို လေယာဉ်ပစ်စက်သေနတ်နဲ့ပစ်ချခဲ့တာလို့ KNDFထုတ်ပြန်

နိုဝင်ဘာ၊ ၁၁

ကယား(ကရင်နီ)ဒေသမှာကရင်နီပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတို့ဒီကနေ့တိုက်ပွဲအတွင်းတိုက်ခိုက်ရေးလေယာ ဉ်တစီးပျက်ကျခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က အခုညပိုင်းမှာ အတည်ပြုထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ အမျိုးအမည်မသိ တိုက်လေယာဉ်တစီးကို KNDF တပ်ရင်း-၁ နဲ့ ကရင်နီတပ်မတော် KA တပ်ဖွဲ့ဝင်တွေကလေယာဉ်ပစ်စက်သေနတ်  ပွိုင့်ဖိုက်(.5)တွေနဲ့တန်ပြန်ပစ်ခတ်ခဲ့တာဖြစ်ပြီး လေယာဉ်တောင်ပံနဲ့ကိုယ်ထည်တွေထိမှန်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သေနတ်ထိမှန်သွားတဲ့ အဲ့ဒီလေယာဉ်ဟာ မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ပြီးနောက် စစ်မြေပြင်နဲ့ အဝေးတနေရာမှာ ပျက်ခဲ့တာလို့ဆိုပါတယ်။လေယာဉ်ထဲပါဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကိုတော့ နှစ်ဖက်တပ်တွေ လိုက်လံရှာဖွေနေတယ်လို့ အသိပေးထားပါတယ်။

ဒီကနေ့တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ပိုင်းလော့နှစ်ဦး အရေးပေါ်လေ ထီးနဲ့ခုန်ချထွက် ပြေးလွတ်မြောက်သွားကြောင်းလူမှုကွန်ရက်ပေါ်မှာဖော်ပြလာတဲ့ ဓာတ်ပုံအထောက်အထားတွေ မှန်ကန် တယ်ဆို ရင်လေယာဉ်ပစ်ချခံရတာ သေချာတယ်လို့ စစ်ကောင် စီလေတပ်ကနေ CDM ပြုလုပ်ထားတဲ့ တပ် ကြပ်ကြီး  ဇေယျက သုံးသပ်ပါတယ်။

“ ဒီအသုံးအဆောင်ပစ္စည်းတွေက မြေပြင်မှာ တကယ်ကျနေခဲ့တာ မှန်တယ်၊ သူတို့ဘက်က တွေ့တာ မှန်ပြီဆိုရင် ဒီပိုင်းလော့က ခုန်ထွက်သွားတာ၊ချွတ်ထားတဲ့ ပုံစံမျိုးပါ၊ ပစ္စည်းတွေ ချွတ်ထားပြီး ထွက်ပြေးသွားတဲ့ ပုံစံမျိုး များပါတယ်၊ပထမတကြိမ်လည်း ပစ်ချဖူးတယ်လေ” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း ကရင်နီပြည်(ကယား) ဘော်လခဲမြို့နယ်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးသုံးလေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီပြည်လူ မျိုးပေါင်းစုံပြည်သူ့လွတ်မြောက် ရေးတပ်ဦး (KNPLF – ကလလတ)ဘက်က ပြောဆိုထားပါတယ်။

အဲဒီဖြစ်စဉ်မှာတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လေယာဉ် ပစ်ချခံရတာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီး ဒီကနေ့ဖြစ်စဉ်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တုံ့ပြန်မှုမရှိသေးပါဘူး။

ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ်တပ်တွေက ၁၀၂၇ စစ်ဆင်ရေးအရှိန်မြှင့်နေချိန် ကရင်နီပူးပေါင်းတပ်တွေလည်း ဒီကနေ့ ပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့အပါအဝင် ကရင်နီဒေသတွင်းမှာ စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုအတွင်းကရင်နီပူးပေါင်း တပ်တွေဟာ လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနဲ့မိုးဗြဲတို့မှာရှိတဲ့ စစ်ကောင်စီတပ် စခန်း ခုနစ် ခုကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

KNDF ဗဟိုသတင်းနဲ့ ပြန်ကြား ရေးဌာနတာဝန်ခံကတော့ ကရင်နီပြည်အတွင်း စစ်အာဏာရှင်ချုပ်ငြိမ်းရေး လှုပ်ရှားမှုအစိတ်အပိုင်းတခုအဖြစ် “၁၁၁၁” စစ်ဆင်ရေးကို မဟာမိတ်ပူးပေါင်းအဖွဲ့ တွေနဲ့အတူ တိုက်ခိုက်နေတာဖြစ်တယ်လို့ပြောပါတယ်။

“တနိုင်ငံလုံးအတိုင်းအတာနဲ့ “၁၁၁၁” စစ်ဆင်ရေးပေါ့နော် လွိုင်ကော်ဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကင်းစခန်းတွေ၊ ရဲစခန်းတွေ၊ ကင်းပုန်းတွေ၊ စစ်ဆေးရေးဂိတ်တွေကို သွားရောက်တိုက်ခိုက်တာ” လို့ သူက ပြောပါတယ်။

ဒီကနေ့ တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးပြတ်သိမ်းပိုက်နိုင်ခဲ့သလို လက်နက်မျိုးစုံ တရာဝန်းကျင်နဲ့ ခဲယမ်းကျည်ဆံအများအပြားသိမ်းဆည်းနိုင်ခဲ့ပြီး သုံ့ပန်းတချို့လည်းဖမ်းမိထားတယ်လို့ ဆိုပါတယ်။

အလားတူ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ကျဆုံးမှုတွေရှိခဲ့တယ်လို့ဖော်ပြထားပေမယ့် ထိခိုက်သေဆုံးမှုအခြေအနေအသေးစိပ်ကိုတော့ဖော်ပြမထားပါဘူး။