ဒီဇင်ဘာ ၊ ၄
လက်ရှိ တရုတ် – မြန်မာ အခင်းအကျင်းနဲ့ ပတ်သတ်ပြီး ဆွီဒင်နိုင်ငံသား ဝါရင့်သတင်းစာဆရာ ၊ မြန်မာ့အရေးကိုနှစ်ပေါင်းများစွာလေ့လာပြီး စာအုပ်ပေါင်းများစွာရေးသားထုတ်ဝေခဲ့သူ ဘာတေးလ် လင့်တာနာနဲ့ DNA က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး – တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီ(Joint Venture Security Company) တည်ဆောက်ဖို့အတွက် ပြည်ထဲရေးဒုဝန်ကြီးဦးဆောင်တဲ့ လုပ်ငန်းကော်မတီတရပ်ကို တည်ထောက်လိုက်တယ်လို့စစ်ကောင်စီရဲ့ မြန်မာနိုင်ငံပြန်တမ်းအရ သိရတယ်လို့သတင်းတွေမှာရေးသားဖော်ပြကြပါတယ်။ ဒါဟာ မြန်မာနဲ့တရုတ်ကြား ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေဖြစ်နိုင်တယ်လို့ အဓိပ္ပာယ်ဆောင်ပါသလဲ။
ဖြေ – အဲဒီသဘောတူညီချက်က ဘာအဓိပ္ပါယ်လဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ ပြီးတော့ ရွှေကုက္ကိုလ်လို နယ်ခြားစောင့်တပ်ဖွဲ့ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ လုပ်ကိုင်နေတဲ့ ပုဂ္ဂလိက တရုတ်ကုမ္ပဏီတွေလည်းရှိနေပါပြီ။ ဒီအစီအမံက မြန်မာနဲ့တရုတ်လုံခြုံရေးဝန်ထမ်းတွေ အတူတကွ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ အဓိပ္ပါယ်လား။ ဒီအစီအမံက ဘာသာစကားပြဿနာကို ဖြစ်စေပါလိမ့်မယ်။ ကျွန်တော်အသေအချာတော့ မပြောနိုင်ပေမယ့် ဒါက တရုတ်လုံခြုံရေး ကုမ္ပဏီတွေက (မြန်မာဖက်က စတိသဘောလောက်ပါဝင်မှုနဲ့) စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အလုပ်လုပ်နိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်ပေါက်နေပါတယ်။ ပိုက်လိုင်း၊ ရှမ်းပြည်ထဲက ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ မြန်မာပြည်ထဲက တရုတ်ရဲ့တခြားရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး တရုတ်က စိတ်ပူနေတယ်လို့ ကျွန်တော်ထင်ပါတယ်။
မေး – မြန်မာနိုင်ငံမှာ တရုတ်လုံခြုံရေးကုမ္ပဏီအမည်ခံ PLA တပ်သားတွေရှိလာနိုင်မလား။ ဒါမှမဟုတ် ကျောက်ဖြူလိုနေရာမျိုးမှာ မဲခေါင်းမြစ်ဝှမ်းမှာ တရုတ်ရဲတပ်ဖွဲ့တွေ ကင်းလှည့်သလိုမျိုး မြင်ကွင်းတွေ မြင်လာရနိုင်လား။တောင်အာဖရိမှာလိုတရုတ်လုံခြုံရေးကုမ္ပဏီတွေက တရုတ်စီမံကိန်းတွေကို လုံခြုံရေးယူပေးပါတာမျိုးဖြစ်လာနိုင်လား။ သုံးသပ်ပေးပါဦး။
ဖြေ – အဲ့ဒီတရုတ်လုံခြုံရေးကုမ္ပဏီတွေက American Blackwater လိုမျိုးပဲ စစ်သားဟောင်း အမြောက်အများကို အလုပ်ခန့်ထားတယ် ၊ အဲ့ဒီလူတွေက လုပ်ငန်းအတွေ့အကြုံရှိတယ် သေနတ်ကို ဘယ်လိုကိုင်တွယ်ရမယ် အရေးပေါ်အခြေအနေမှာ ဘာလုပ်ရမယ်ဆိုတာ သိတယ်။ US Blackwater နဲ့ တရုတ်လုံခြုံရေးကုမ္ပဏီတွေရဲ့ ခြားနားချက်ကတော့ Blackwater ကပုဂ္ဂလိကလုပ်ငန်းဖြစ်ပြီး တရုတ်ပြည်မှာကတော့ လုံခြုံရေးနဲ့ပတ်သက်လာရင် ဘာမှပုဂ္ဂလိကဆိုတာမရှိဘူး။
မေး – စစ်ကောင်စီအနေနဲ့ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ပတပ်တွေ အခြေချခွင့်ပြုမထားတဲ့အတွက်ဘယ်လိုပုံစံမျိုးဖြစ်လာနိုင်လဲ။ လက်ရှိနိုင်ငံရေး၊ စစ်ရေးအပေါ်ဘယ်လိုသက်ရောက်နိုင်ပါလဲ။
ဖြေ- ဒါကိုရှောင်ကွင်းတဲ့နည်းလမ်းကတော့ မြန်မာနိုင်ငံထဲမှာ တရုတ်လုံခြုံရေးဝန်ထမ်းတွေဟာ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရဲ့ အမြဲတမ်းအဖွဲ့ဝင်တွေအနေနဲ့မဟုတ်ဘဲ ပုဂ္ဂလိက လုံခြုံရေး ကန်ထရိုက်တာတွေလို့ ပြောဆိုဖို့ပဲဖြစ်တယ်။ ဒါပေမယ့် စစ်ကောင်စီနဲ့တရုတ်အာဏာပိုင်တွေကြားမှာ သဘောတူညီမှုရှိနေတာကြောင့် ဒီကိစ္စကလှည့်စားမှုပဲဖြစ်တယ်။ ဒါကြောင့်မို့ ဒီကိစ္စက ပုဂ္ဂလိက ကိစ္စ မဟုတ်ဘူး။
မေး – အမေရိကန်အပါအဝင်အနောက်အုပ်စုရဲ့ တုံ့ပြန်မှုကောဘာဖြစ်နိုင်လဲ။
ဖြေ – သိပ်များများစားစားရှိမှာမဟုတ်ပါဘူး။ အမေရိကန်တွေက ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေမှာ ထဲထဲဝင်ဝင် ပါဝင်နေတယ်။ ပြီးတော့ နောက်ထပ် ပဋိပက္ခတခုမှာ သူတို့ ပါဝင် ချင်မှာမဟုတ်ဘူးလို့ ကျနော် ယူဆပါတယ်။ ဇန်နဝါရီလမှာ ထရန့် တက်လာတဲ့အခါ အရှေ့တောင်အာရှမှာရှိတဲ့ ဘယ်ကိစ္စမဆို ဘေးဖယ်ခံထားရနိုင်တယ်။ တဖက်မှာတော့ အမေရိကန်တွေက ချင်းမိုင်မှာ ကြီးမားတဲ့ ကောင်စစ်ဝန်ရုံးသစ်တခု ဆောက်နေတယ် ဒါက တရုတ်ကို စောင့်ကြည့်ဖို့ဆိုတဲ့အဓိပ္ပါယ် ဖြစ်တယ်။
မေး – Mizzima သတင်းဌာနရဲ့ ဖော်ပြချက်အရ တရုတ်ကအဆိုပြုတဲ့ အဲဒီကုမ္ပဏီတည်ထောင်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးဖို့အတွက် လုပ်ငန်းကော်မတီကို အောက်တိုဘာလ ၂၂ ရက်မှာ စစ်ကောင်စီက ဖွဲ့စည်းတယ်။ လုပ်ငန်းကော်မတီကို နိုဝင်ဘာလ ၈ ရက်က တည်ထောင်တယ်လို့ ဆိုပါတယ်။ အဲဒီကုမ္ပဏီတည်ထောင်ဖို့ စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်မတိုင်ခင်ကတည်းက ဆောင်ရွက်နေတယ်လို့ယူဆရပါမယ်။ ဘယ်အချိန်လောက်ကတည်းက လုပ်ဆောင်နေတယ်လို့ ယူဆနိုင်မလဲ။ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong က ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုဒီနှစ် ဧပြီလတုန်းက ဖိတ်ခေါ်တဲ့ ခရီးစဉ်က သဘောတူခဲ့တယ်လို့ယူဆနိုင်မလား။
ဖြေ – ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် ဒါဟာ မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ မမျှော်လင့်ဘဲ ထွက်ပေါ်လာတာလို့ မထင်ပါဘူး။ အဲ့ဒီခရီးစဉ်မတိုင်ခင် လပိုင်းအလိုကတည်းက ဒါနဲ့ပတ်သတ်တဲ့ ဆွေးနွေးပွဲတွေ စလုပ်ခဲ့ပုံရတယ်။
မေး – အခုလို ပူးတွဲလုံခြုံရေးကုမ္ပဏီတည်ဆောင်တာဟာ တော်လှန်ရေးအင်အားစုတွေက တကောင်းနီကယ်စက်ရုံ၊ တောင်သာက တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစခန်းတခုကို တိုက်ခိုက်တာတွေနဲ့ဆက်စပ်မလား။
ဖြေ – ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံအတွင်းက “လုံခြုံရေးအခြေအနေ” လို့သူတို့သတ်မှတ်ထားတာနဲ့ ပတ်သက်ပြီး တရုတ်က စိုးရိမ်နေပုံရပါတယ်။ ဆိုလိုရင်းကတော့ ပိုက်လိုင်း၊ ပြီးတော့ တရုတ်ရဲ့အကျိုးစီးပွါးရှိတဲ့ သတ္တုတွင်းတွေနဲ့ ရေအားလျှပ်စစ်လိုမျိုး တရုတ်ရဲ့ စီမံကိန်းတွေအပေါ် ခြိမ်းခြောက်မှုနဲ့ အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတွေကို ဆိုချင်တာပါ။
မေး – မကြာသေးခင်က စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်မှာ တရုတ်ဝန်ကြီးချုပ်အပါအဝင်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်။ တရုတ်လုပ်ငန်းရှင်တွေနဲ့လည်းတွေ့ဆုံခဲ့တယ်။စီးပွားရေးဆိုင်ရာစာချုပ်တချို့လည်းချုပ်ဆိုခဲ့တယ်။ စစ်ကောင်စီကလည်း သံတမန်ရေးအရအောင်မြင်တဲ့ခရီးစဉ်လို့ ဝင့်ကြွားခဲ့တယ်။ လေ့လာသူတချို့ကလည်းစစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရထက် သံတမန်ရေးရာမှာ နှာတဖျားသာသွားပြီး ပြောကြတယ်။ တရုတ်ဟာ စစ်ကောင်စီဘက်က ရပ်တည်လိုက်ပြီလို့ဆိုနိုင်မလား။ လက်ရှိတော်လှန်ရေးအပေါ် ဘာများသက်ရောက်နိုင်မလဲ။
ဖြေ – NUG အနေနဲ့ မြန်မာ့အခြေအနေကို ပြင်ပကမ္ဘာက သတိပြုမိအောင်လို့ လုပ်ဆောင်တာထက် ပိုပြီး မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ NUG ကို စစ်ကောင်စီနဲ့ တရုတ်အကြား ဆက်ဆံရေးမှာ ကစားသမားတယောက်အနေနဲ့ ကျွန်တော်မမြင်ပါဘူး။ တရုတ်က နှစ်ဖက်စလုံးကို ဆက်ပြီးကစားသွားလိမ့်မယ် – လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေဘက်ရော စစ်ကောင်စီဘက်ကိုရော ဒါပေမယ့် စစ်ကောင်စီဘက်ကို ပိုပြီး ယိမ်းသွားလိမ့်မယ်။ တရုတ်က မြန်မာနိုင်ငံရဲ့ အစိုးရအပြောင်းအလဲကို စိတ်မဝင်စားဘူး ၊ တရုတ်အနေနဲ့ မြင်ချင်တာက အပစ်အခတ်ရပ်စဲရေးတရပ်နဲ့ ဆုပေးဒဏ်ပေးပုံစံနဲ့ သူဝင်ခြယ်လှယ်မယ့် ဆွေးနွေးပွဲတွေပေါ့။
မေး – လက်ရှိတရုတ်-စစ်ကောင်စီ-အမျိုးသားညွတ်ညွတ်ရေးအစိုးရကြားဆက်ဆံရေးကို ဘာများပြောချင်လဲ၊
ဖြေ – စစ်ကောင်စီနဲ့ တရုတ်ကြား ဆက်ဆံရေးက ရင်းနှီးပြီး အတန်အသင့်ဖော်ရွေတဲ့ ဆက်ဆံရေးဖြစ်တယ်။ (မြန်မာစစ်တပ်က တရုတ်ကို မယုံဘူးလို့ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့်သူတို့မှာ ရွေးချယ်စရာမရှိဘူး။ သူတို့တရုတ်နဲ့လက်တွဲပြီးအလုပ်လုပ်ရမယ်)။ တရုတ်နဲ့ NUG ပါ၀င်တဲ့ ဆက်ဆံရေး ဒါမှမဟုတ် အပြန်အလှန်ဆက်ဆံရေးကိုတော့ ကျွန်တော့်အနေနဲ့ မမြင်မိပါဘူး။
မေး – ဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
ဖြေ – တရုတ်ဟာ မြန်မာနိူင်ငံရဲ့ပြည်တွင်းရေးကို ပြတ်ပြတ်သားသားဝင်ရောက်စွက်ဖက်ဖို့ နည်းလမ်းနဲ့စိတ် ဝင်စားမှုရှိတဲ့ တခုတည်းသောပြင်ပအင်အားဖြစ်တယ်ဆိုတာကို မကြာသေးခင်က ဖြစ်ပေါ်တိုးထက်မှုတွေက ထပ်ပြီးပြသွားပါပြီ။ မြန်မာစစ်တပ်နဲ့ရော တော်လှန်ရေးအင်အားစုတွေနဲ့ပါ သူ့လောက်ထိတွေ့ဆက်ဆံတဲ့ပမာဏမျိုး ဘယ်သူ့မှာမှမရှိပါဘူး။