မြောက်ကိုရီးယားက တာလတ်ပစ်ဒုံးကျည် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားပြော

ဧပြီ၊ ၂

မြောက်ကိုရီးယားဟာ တာလတ် တိုက်ချင်းပစ် ဒုံးကျည် တစင်းကို ဧပြီလ ၂ ရက်နေ့မှာ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂက မြောက်ကိုရီးယားကို တိုက်ချင်းပစ် ဒုံးကျည်တွေ စမ်းသပ်မှုကနေ တားမြစ်ထားပေမယ့်လည်း အထီးကျန် ကွန်မြူနစ် နိုင်ငံကတော့ အဲဒီလို လက်နက်တွေ ထုတ်လုပ်မှု၊ အဆင့်မြှင့်မှု၊ စမ်းသပ် ပစ်ခတ်မှုတွေကို အရှိန်မပျက် ဆက်လက် အကောင်အထည် ဖော်နေပါတယ်။

အခုပစ်လွှတ်မှုဟာ ၂၀၂၄ ခုနှစ်ထဲမှာ မြောက်ကိုရီးယားရဲ့ တတိယမြောက် တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုလည်း ဖြစ်လာပါတယ်။ မတ်လတုန်းကလည်း နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းဟာ လောင်စာခဲ နည်းပညာသုံး ဒုံးကျည်အင်ဂျင်အသစ် စမ်းသပ်မှုကို ကိုယ်တိုင် ကြီးမှူးခဲ့ဖူးပါတယ်။ ဒါ့အပြင် ဇန်နဝါရီလမှာတော့ ဟိုက်ပါဆောနစ် မြန်နှုန်းမြင့် အခြေအနေမှာ လမ်းကြောင်းမျိုးစုံ ပြောင်းလဲပျံသန်းနိုင်တဲ့ ဒုံးကျည်ထိပ်ဖူးသစ်ကို မြောက်ကိုရီးယားက စမ်းသပ် ပစ်ခတ်ခဲ့ဖူးပါတယ်။

ဧပြီ ၂ ရက် မနက်ပိုင်းတုန်းကတော့ ပြုံယမ်းမြို့နားကနေ ပျံတက်သွားတဲ့ ဒုံးကျည်ဟာ အရှေ့ပင်လယ်ဖက်ကို ဦးတည်ခဲ့ပြီး ကီလိုမီတာ ၆၀၀ လောက် အကွာမှာ ပင်လယ်ထဲ ပြုတ်ကျသွားခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဖက်က ပြောပါတယ်။ ပြီးတော့ အဲဒီဒုံးကျည်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းရယူနိုင်ဖို့ အမေရိကန်၊ ဂျပန် အစိုးရတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဂျပန်ကလည်း မြောက်ကိုရီးယား ဒုံးကျည် လွှတ်တင်မှုကို ထောက်လှမ်း တွေ့ရှိခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ပါတယ်။ ဒုံးကျည်လမ်းကြောင်းကို စောင့်ကြည့်ခဲ့ပေမယ့် ဂျပန်ပိုင်နက်ကို ထိပါးခြိမ်းခြောက်တာမျိုး မရှိဘဲ ပင်လယ်ထဲ ကျဆင်းသွားတာကို တွေ့ရှိခဲ့တယ်လို့လည်း ဂျပန်က ဆိုပါတယ်။  

အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် အဲဒီဒုံးကျည်ဟာ ဟိုက်ပါဆောနစ် ထိပ်ဖူးတမျိုးကို တပ်ဆင်ထားတာလို့ ယူဆရပါတယ်။ ဟိုက်ပါဆောနစ် ဆိုတာဟာ အသံထက် အနည်းဆုံး ၅ ဆပိုမြန်အောင် ပျံသန်းနိုင်တာကို ဆိုလိုပြီး မြောက်ကိုရီးယားက အပူတပြင်း စမ်းသပ်နေတဲ့ နည်းပညာ တခုပါ။ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးတွေက မြောက်ကိုရီးယားရဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ သမားရိုးကျရော၊ နျူကလီးယား ထိပ်ဖူးတွေကိုပါ တပ်ဆင်နိုင်အောင် ဒီဇိုင်းထုတ်ထားတယ်လို့လည်း ယုံကြည်နေပါတယ်။

 

Ref: CNA