နပခ စစ်ဌာနချုပ်ရှိရာ အမ်းနဲ့ မကွေးတိုင်း ဆက်သွယ်ထားတဲ့ လမ်းကို AA က အသုံးပြုခွင့်ပိတ်

ဧပြီ၊ ၂
 
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် အခြေစိုက်ရာ အမ်းမြို့နဲ့ မကွေးတိုင်း ငဖဲမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်း လမ်းကို အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီလို့ ရခိုင့်တပ်တော် AA ရဲ့ နိုဗာ(၁) စစ်ဒေသက ဒီကနေ့ အရေးပေါ် ထုတ်ပြန်အသိပေးလိုက်ပါတယ်။
 
အမ်းမြို့နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေမှာ စစ်ကောင်စီက စစ်အင်အားတိုးချဲ့တာ၊ တပ်ရွှေ့ပြောင်းတာ၊ ရိက္ခာနဲ့ စစ်လက်နက်ခဲယမ်းတွေကို အရပ်သားကားတွေနဲ့ သယ်နေတာ၊ လမ်းဘေးတွေမှာ စွန့်လွှတ်မိုင်း ထောင်တာတွေ လုပ်နေသလို တိုက်ပွဲတွေလည်း ဖြစ်လာတာကြောင့် အခုလိုပိတ်လိုက်တာလို့ ဖော်ပြပါတယ်။
 
ရခိုင်ပြည်နယ်အတွင်းမြို့နယ် ၁၇ ခုရှိတဲ့အထဲက ရှစ်မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ AA တပ်ဖွဲ့ဟာ ပြည်နယ်မြောက်ပိုင်း ဒေသအများစုကို သိမ်းယူပြီးနောက် တောင်ပိုင်းမှာပါ ထိုးစစ်တွေအရှိန်မြှင့်လာပြီး နပခ ဌာနချုပ်ရှိရာ အမ်းမြို့ကိုလည်း ဝိုင်းပတ်ပိတ်ဆို့ထားပါတယ်။
 
ဒီအတောအတွင်း အမ်းမြို့အနီးမှာ AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဖြစ်ခဲ့တာရှိသလို ရခိုင်နဲ့ ပြည်မဒေသ ဆက်သွယ်ရာ လမ်းကြောင်းတခုဖြစ်တဲ့ အမ်းနဲ့ မကွေးတိုင်း ထိစပ်ရာ လမ်းကြောင်းပေါ်မှာလည်း မတ်လ ၂၆ ရက်ကစလို့ ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်နေတယ််လို့ AA ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
 
မကွေးတိုင်း ငဖဲမြို့နယ် တောင်ဘက်က ပဒါန်းရွာဟာ အမ်းမြို့နဲ့ မိုင်ခုနစ်ဆယ်လောက်ဝေးပါတယ်။
 
ရခိုင့်တပ်တော် AA ဘက်က ထုတ်ပြန်ချက်တွေအရ စစ်ကောင်စီနဲ့ AA တို့ဟာ မတ်လ ၂၆ ရက်က အမ်းမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ခဲ့သလို ငဖဲမြို့နယ်အတွင်းမှာလည်း မတ် ၂၆ ရက်နဲ့ မတ် ၂၈ ရက်တို့က ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။
 
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တာလည်း ရှိတယ်လို့ AA ကဆိုထားပါတယ်။
 
ဓာတ်ပုံ – Google Map