မန္တလေးသင်္ကြန် စည်ကားဖို့ စစ်ကောင်စီက ဖြေလျှော့မှုတွေပါလုပ်ပြီး ပြင်ဆင်နေ

ဧပြီ၊ ၂
မန္တလေးမြို့မှာ ကျင်းပမယ့် မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို စစ်ကောင်စီက စည်းကားသိုက်မြိုက်ဖို့ ကြိုးပမ်းနေပြီး သင်္ကြန်ကာလမှာ အစည်းကားဆုံးနေရာဖြစ်တဲ့ ကျူံးပတ်လည်မှာ ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်တွေနဲ့ စတုဒိသာမဏ္ဍပ် ဆောက်လုပ်မယ့်သူတွေကို အခွန်အခကင်းလွတ်ခွင့် ပြုထားသလို စိတ်ကြိုက်နေရာမှာ ဆောက်လုပ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။
 
“သူတို့ ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်တွေနဲ့ လက်ရှိအာဏပိုင်တွေနဲ့ နီးစပ်သူတွေ ဆောက်ထားတဲ့ မဏ္ဍာပ်တွေလောက်ပဲ ရှိမယ်၊ အခုလည်း ကျုံးဘေးပတ်လည်မှာ ရေကစားမဏ္ဍပ်တွေ ဆောက်နေကြတာပဲ ပွင့်ပွင့်လင်းလင်းပြောရရင် လူထုက အထွေထွေအကျပ်အတည်းတွေကြောင့် အရင်လို စိတ်၀င်စားမှု မရှိကြတာတော့ သေချာတယ်” လို့ မန္တလေးမြို့ခံ စာရေးဆရာတဦးက ပြောပါတယ်။
 
အစိုးရ အဆက်ဆက် ကျုံးဘေးမှာ ရေကစားမဏ္ဍပ်ဆောက်လုပ်ဖို့ အတွက် ကျပ်သိန်း ဆယ်ဂဏန်းကနေ ရာဂဏန်းအထိ အခွန်အခတွေ ကောက်ခံခဲ့ကြပေမယ့် စစ်အုပ်စုကတော့ သင်္ကြန်ကာလ ရေကစားမဏ္ဍပ်တွေ မဖြစ်မနေ ဆောက်လုပ်နိုင်ဖို့ အခွန်အခတွေကို ကင်းလွတ်ခွင့်ပြုပေးတာပါ။
 
မန္တလေးကျူံးမြို့ရိုးပတ်လည်မှာ ဗဟိုရေကစားမဏ္ဍပ်အပါအ၀င် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ဆယ်လေးခုအထိ ရှိမှာဖြစ်ပြီး ဖျော်ဖြေရေးပါတဲ့ ရေကစားမဏ္ဍပ် ဆယ်နှစ်ခုကို ဆောက်လုပ်ခွင့်ပြုထားတယ်လို့ စစ်ကောင်စီရဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီက ဆိုထားပါတယ်။
 
ဒါ့အပြင် အမျိုးသားဒီမိုကရေစီပါတီ အစိုးရ လက်ထက်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ လမ်းလျှောက်သင်္ကြန်ကို စစ်ကောင်စီက ကျုံးတောင်ဖက် ၂၆ လမ်းပေါ်ကို ၆၆ လမ်းကနေ ၇၁ လမ်းအထိ ထည့်သွင်းကျင်းပဖို့ ပြင်ဆင်ထားသလို ဖျော်ဖြေရေးမဏ္ဍပ်တွေနဲ့ စတုဒီသာမဏ္ဍပ်တွေ ပါ၀င်တယ်လို့ ဆိုထားပါတယ်။
 
အလားတူပဲ ကျုံး ရှေ့ဖက်ခြမ်း ၆၆ လမ်းပေါ်မှာ ၁၂ လမ်းက ၂၆ လမ်းအထိ ရေကစားမဏ္ဍပ်အကြီး၊ အငယ် ဆယ်ခုထက်မနည်းကို ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
 
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးကတော့ ကျုံးဘေးမှာ အစိုးရနဲ့ နီးစပ်တဲ့ ဌာနဆိုင်ရာမဏ္ဍပ်တွေသာ အများစုဖြစ်နေပြီး အရင်လို စီးပွားဖြစ်လုပ်ဆောင်တဲ့ ဖျော်ဖြေရေးမဏ္ဍပ်အကြီးတွေ မပါ၀င်ဘူးလို့ ဆိုပါတယ်။
 
“အရင်နှစ်တွေနဲ့ အခုစစ်ကောင်စီကျင်းပနေတဲ့ သင်္ကြန်က အရမ်းကွာတယ်။ သင်္ကြန်တွင်း ကျုံးဘေး လူမရှိတာမျိုးတော့ မဟုတ်ဘူး ၀န်ထမ်းတွေနဲ့ စစ်တပ်နဲ့ နီးစပ်သူတွေတော့ ရှိတာပေါ့ အရင်လို တိုးမပေါက်အောင် စည်းကားနေတာမျိုးတော့ မဟုတ်တော့ဘူး၊ အရင်က အခုလောက်ဆို မြို့ထဲ ဖျော်ဖြေရေးမဏ္ဍပ်တွေ ကြော်ငြာတွေ ပလူပျံနေတာပဲ၊ ဘယ်လိုတွေ စီစဉ်မယ် ဘယ်လိုလည်မယ်တွေ ပြောနေကြပြီပေါ့ အခုက ဒါမျိုးတော့ မရှိတော့ဘူး” လို့ အသက် သုံးဆယ်အရွယ် မန္တလေးမြို့ခံတဦးက ပြောပါတယ်။
 
ဗဟိုမဏ္ဍပ်ရှိတဲ့ ၂၆ လမ်းပေါ်က လမ်းလျှောက်သင်္ကြန်ကို လုံခြုံရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ဆောင်ရွက်မှာဖြစ်ပေမယ့် ကျန်တဲ့ ကျုံးဘေးက ရေကစားမဏ္ဍပ်တွေကို မိမိအစီအစဉ်နဲ့သာ လုံခြုံရေး ဆောင်ရွက်ရမယ်လို့ သိရပါတယ်။
 
မြို့အတွင်းနေရာတွေမှာလည်း သင်္ကြန်ကာလစည်ကားဖို့အတွက် စစ်ကောင်စီက ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ဖို့ ဖိအားပေးပြောဆိုတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
 
ဒါကြောင့် စစ်အုပ်စုနဲ့ နီးစပ်မှုရှိတဲ့ မင်္ဂလာမန္တလေးအရှေ့မှာ ရေကစားမဏ္ဍပ်ဆောက်လုပ်နေတာရှိသလို မန္တလေးစျေးချိုနဲ့ ကမ်းနားလမ်းဘက်မှာ ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်နေတာရှိတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
 
ဒီချုပ်အစိုးရလက်ထက်မှာ ကိုဗစ်-၁၉ ရောဂါ ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် လူစုလူဝေးဖြစ်စေတဲ့ ပွဲတော်တွေကို ကျင်းပဖို့ ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့ရပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချက်ချင်းဆိုသလို လူအများအပြားနဲ့ ပြုလုပ်ရတဲ့ ပျော်ပွဲရွှင်ပွဲတွေကို ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။
 
အာဏာသိမ်းပြီး ပထမဆုံးကျင်းပတဲ့ သင်္ကြန်ပွဲတော်တွေကို တော်လှန်ရေး အဖွဲ့တွေက စစ်ကောင်စီဦးစီးလုပ်ဆောင်တဲ့ ပွဲတော်ဖြစ်လို့ လူထုအနေနဲ့ ပူးပေါင်းပါ၀င်ကြတာတွေ မလုပ်ကြဖို့ တိုက်တွန်းတာတွေ ရှိခဲ့ပေမယ့် အခုနောက်ပိုင်းတော့ အဲဒီလို ထုတ်ပြန်ချက် ထုတ်ပြန်တာ မတွေ့ရတော့ပါဘူး။
 
ဓာတ်ပုံ – CJ (ပုံဟောင်း)
ပုံစာ – ၂၀၂၃ ခုနှစ်က မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်ကို တွေ့ရစဉ်