စစ်အုပ်စုတပ်တွေကို ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်

၃ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

ကရင်နီဒေသကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တာဝန်ရှိသူက ပြောပါတယ်။

လွိုင်ကော်ဘက်ကနေ တက်လာတဲ့ စစ်အုပ်စုတပ်ကို ဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်အကြားမှာ ဒီကနေ့ ဩဂုတ် ၃ရက် မနက်ပိုင်းက နှစ်ကြိမ်တိုက်ခိုက်ခဲ့တာလို့ သူက ဆိုပါတယ်။

ဒီကနေ့မနက် ၇နာရီကျော်လောက်မှာ စစ်အုပ်စုယာဉ်တစ်စီးကို ကရင်နီလက်နက်ကိုင်တပ်က စနိုက်ပါနဲ့ ပစ်ခတ်ခဲ့သလို မနက် ၁၁နာရီလောက်မှာပဲ နောက်ထပ် စစ်အုပ်စုစစ်ကြောင်းကို နန်းဖဲရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြောပြပါတယ်။

“မိုင်းဆွဲတိုက်ခိုက်တော့ လက်နက်ငယ်နဲ့ ခဏတာ သူတို့ ပစ်ခတ်တာပေါ့။” ဟု KNDF တာဝန်ရှိသူက ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နဲ့ KNDFတို့ အတူပူးပေါင်း ဆောင်ရွက်ခဲ့တာ လို့ ပြောပါတယ်။

KNPP သတင်းနဲ့ ပြန်ကြားရေးဌာန KNICကလည်း နန်းဖဲရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းဖော်ပြပါတယ်။

“အခု ကျွန်မတို့ နန်းဖဲမှာ တိုက်ပွဲတွေဖြစ်နေပါတယ်။ ကျွန်မတို့ အခုလောလောဆယ် ဂူထဲမှာ ပုန်းနေရတယ်။လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်နေကြတယ်” လို့ အမျိုးသမီးတစ်ဦးက တိုက်ပွဲအခြေအနေပြောပြနေတဲ့အသံနဲ့ ပစ်ခတ်သံတွေကို KNICက ဖော်ပြတဲ့ ရုပ်သံဖိုင်မှာ ပြောပါတယ်။

KNPP/KNDF ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း နန်းဖဲရွာအနီးမှာပဲ စစ်အုပ်စုတပ်ကို ခုခံတိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ၃ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ စစ်အုပ်စုဘက်က လက်နက်ကြီးတွေ၊ တာဝေးပစ်အမြှောက်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ထောင်နဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီလက်နက်ကိုင်တပ်တွေတည်ရှိရာ ကယားပြည်နယ်မှာ မေလ အတွင်းက စပြီးတိုက်ပွဲတွေဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေမှာစစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေများပြားခဲ့သလို စစ်အုပ်စုတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ပြည်သူတွေ သေဆုံးခဲ့ရတာ၊ စစ်ဘေးတိမ်းရှောင်ကြရတာတွေရှိခဲ့ပါတယ်။

လက်ရှိအချိန်ထိ စစ်အုပ်စုက အင်အားအများအပြားနဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးလုပ်နေလို့ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာနိုင်တယ်လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။