ကိုဗစ်တတိယလှိုင်းမှာ သေဆုံးသူတစ်ထောင်ကျော်လာတဲ့ ပုသိမ်

၁၁၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၁၁ရက်နေ့က ကိုဗစ်လူနာ (၁၉)ဦး သေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၅)ဦး ၊ စစ်တပ်မဆရ(၄)ဆေးရုံကသေဆုံးသူ(၁)ဦး၊နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ (၁၃)ဦးရှိခဲ့တယ်လို့ သိရပါတယ်။


ကိုဗစ်တတိယလှိုင်းအတွင်း ပုသိမ်မြို့မှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသူဟာ ဒီကနေ့မှာ တစ်ထောင်ကျော်ထိ ရှိလာပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း လူသေဆုံးမှု အများဆုံးမြို့ပဲဖြစ်ပါတယ်။ အခုသေဆုံးသူစာရင်းဟာ ဘာသာရေးအစဉ်အလာအရ သင်္ဂြိုဟ်မှုပြုခဲ့တဲ့ အစ္စလမ်ဘာသာဝင်တွေနဲ့ ကျေးလက်ဒေသတွေမှာ သေဆုံးခဲ့သူတွေ မပါဝင်သေးဘဲ သရောင်းချောင်းသုဿန်တစ်ခုထဲမှာ မီးသင်္ဂြိုဟ်ခဲ့သူတွေပဲဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တလလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၂၀၀)ဦးအပါအ၀င် စုစုပေါင်း (၁၀၁၀)ဦးထိရှိလာပြီ ဖြစ်ပါတယ်။