လပွတ္တာမြို့မှာ လင်မယားချင်းရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူသေဆုံး 

၉၊ ဩဂုတ်လ၊ ၂၀၂၁။

လပွတ္တာမြို့နယ် မောင်းဒီးကျေးရွာအုပ်စု မြောင်းမြ-လပွတ္တာ ကားလမ်း ၁၀မိုင်၄ဖာလုံအနီးမှာ ဩဂုတ်လ ၉ရက်နေ့က လင်မယားနှစ်ဦး ရန်ဖြစ်ကြရာ အမျိုးသားဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မောင်းဒီးကျေးရွာအုပ်စုနေ ကိုသူရဝင်း အသက် (၂၉)နှစ်နဲ့ ဇနီးဖြစ်သူ မဇာခြည်ဖုန်းကျော် အသက် (၂၃)နှစ် တို့ဟာ နေအိမ်မှာရှိနေချိန် ရန်ဖြစ်ကြရာ ဇနီးဖြစ်သူက တုတ်နဲ့ရိုက်ပြီး အနီးမှာရှိနေတဲ့ တီဗီအင်တာနာကြိုးနဲ့ လည်ပင်းကိုပတ်လိုက်တာကြောင့် အမျိုးသားဖြစ်သူဟာ ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို တိုင်ကြားချက်တွေအရ သိရပါတယ်။

သေဆုံးသူ ကိုသူရဝင်းရဲ့ အလောင်းကို အိမ်နီးချင်းအမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့ပြီး ကိုသူရဝင်းရဲ့ ဖခင်ဖြစ်သူ ဆီကို သွားရောက်အကြောင်းကြားခဲ့ပါတယ်။

ဖခင်ဖြစ်သူက လပွတ္တာသုံးမိုင်ရဲစခန်းကို ဖုန်းဆက်တိုင်ကြားခဲ့တာကြောင့် လာရောက်စစ်ဆေးခဲ့ပြီးနောက် ဇနီးဖြစ်သူ မဇာခြည်ဖုန်းကျော်ကို ရှာဖွေဖမ်းဆီးကာ လပွတ္တာသုံးမိုင်ရဲစခန်းမှာ အမှုကြီး အမှတ်စဉ် ၉/၂၀၂၁၊ (ပ)၄၅/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂တို့နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

 

Delta News Agency

Read Previous

ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၁၈)ဦးသေဆုံး 

Read Next

KNU တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့ ကွယ်လွန်