အန်ဖို ဖာနန်ဒက်ဇ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီး ခေါ်ယူ


ချဲလ်ဆီး အသင်းဟာ ဘင်ဖီကာ အသင်းရဲ့ လူငယ် ကွင်းလယ် ကစားသမားလေး အန်ဇို ဖာနန်ဒက်ဇ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ စာချုပ် ခေါ်ယူလိုက်ပါတယ်။

ပေါ်တူဂီကလပ် ဘင်ဖီကာက အသက် ၂၂ နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့ ပိတ်ရက်မှာ လန်ဒန် အခြေစိုက် ကလပ်အသင်းဆီ တရားဝင် ပြောင်းရွှေ့သွားကြောင်း အတည်ပြုခဲ့ပါတယ်။ ချဲလ်ဆီးဟာ အန်ဇိုအတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၀၇ သန်း (ယူရို ၁၂၁ သန်း) ပေးချေခဲ့ရတာကြောင့် ဗြိတိန် ကလပ်တစ်ခုရဲ့ ကစားသမား ဝယ်ယူမှု စံချိန်သစ် တင်ခဲ့တာ ဖြစ်ပါတယ်။

အရင် စံချိန်ဟောင်းကတော့ မန်ချက်စတာ စီးတီး အသင်းက အက်စ်တန်ဗီလာဆီက ဂျက်ခ်ဂရေးလစ်ရှ်ကို ၂၀၂၁ ခုနှစ်မှာ ခေါ်ယူခဲ့တုန်းကဖြစ်ပြီး စတာလင်ပေါင် သန်း ၁၀၀ ထိ ကျသင့်ခဲ့ပါတယ်။

အန်ဇိုဟာ အခုဆောင်းရာသီ စျေးကွက် ကာလအတွင်း ချဲလ်ဆီးက ခေါ်ယူတဲ့ အဋ္ဌမမြောက် ကစားသမားသစ် ဖြစ်လာပါတယ်။ အန်ဇိုကို ခေါ်ယူမှု အပါအဝင် တစ်လအတွင်း ချဲလ်ဆီးဟာ ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၃၀၀ ကျော်လောက်ထိ သုံးစွဲခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံဆု ဆွတ်ခူးခဲ့တဲ့ အာဂျင်တီးနား အသင်းအတွက် ထိပ်တန်းအဆင့် ခြေစွမ်းမျိုးပြခဲ့သလို ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ဘောလုံးသမား ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တဲ့ အန်ဇိုကို ချဲလ်ဆီးက လအတော်ကြာအောင် အသည်းအသန် စိတ်ဝင်စားနေခဲ့ပါတယ်။ သူဟာ စတမ်းဖို့ဒ်ဘရစ်ဂျ် ကွင်းကြီးမှာ ၈ နှစ်ခွဲ သက်တမ်းရှိတဲ့ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

ချဲလ်ဆီးက အန်ဇိုရဲ့ အပြောင်းအရွှေ့ကို ချက်ချင်း မကြေညာခဲ့ပေမယ့် လိုအပ်တဲ့ စာရွက်စာတမ်းတွေအားလုံး သတ်မှတ် အပြောင်းအရွှေ့ ခွင့်ပြုကာလ မပြီးခင် တင်သွင်းနိုင်ခဲ့တယ်လို့ ဘင်ဖီကာက ဆိုပါတယ်။

ချဲလ်ဆီးဟာ အန်ဇို မတိုင်ခင်မှာ ဘန်နွိုက် ဘာဒီယာရှီလ်၊ ဒေးဗစ် ဒက်ထရို ဖိုဖာနာ၊ အန်ဒရီ ဆန်းတို့စ်၊ မစ်ခိုင်လို မူဒရစ်ခ်၊ နိုနီ မာဒူဒီနဲ့ မာလို ဂူစတိုတို့ကိုလည်း ခေါ်ယူထားပြီးပါပြီ။

ဘင်ဖီကာ မန်နေဂျာ ရိုဂျာ ရှမစ်ဒ်က သူ့အနေနဲ့ အန်ဇိုကို ဘောလုံးရာသီ တစ်ဝက်မှာ လုံးဝ လက်မလွှတ်ချင်ပေမယ့် ကစားသမားရဲ့ စာချုပ်ပါ သတ်မှတ် ပြောင်းရွှေ့ကြေးအတိုင်း ပေးချေပြီး ကမ်းလှမ်းလာမယ်ဆိုရင် တားဆီးနိုင်စွမ်း ရှိမှာ မဟုတ်ဘူးလို့ ဝန်ခံခဲ့ဖူးပါတယ်။

အန်ဇိုဟာ ၂၀၂၂ ခုနှစ်ကမှ အာဂျင်တီးနားကလပ် ရေးဗားပလိတ်ကနေ ဘင်ဖီကာဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၇ ကြိမ်ထိ ပြုလုပ်ထားခဲ့ပါတယ်။