​​ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ဘယ်ရောက်နေသလဲ

၂၇၊ စက်တင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူလိုက်တဲ့ ဖေဖေါ်ဝါရီလ ၁ရက်နေ့ မနက်ပိုင်းကထဲက ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေနဲ့ လွှတ်တော်ဥက္ကဌ ဒုဥက္ကဌတို့ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာဟာ အခုဆိုလျှင် ၇လကျော်အချိန်ကို ရောက်ရှိနေပါပြီ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် အခြားသော တိုင်းနဲ့ပြည်နယ်တွေက အစိုးရအဖွဲ့ဝင်တွေရဲ့ သတင်းအချို့ကို ထုတ်ပြန်ခဲ့ပေမဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သတင်းကတော့ ပျောက်ဆုံးနေခဲ့ပါတယ်။

အချိန် ၇လကျော်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့နဲ့ ပက်သက်ပြီး သီးခြားမတရားအမှုဖွင့် တရားစွဲဆိုတာနဲ့ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို ထုတ်ပြန်ကြေညာခဲ့ခြင်း အလျှင်း မရှိခဲ့ပါဘူး။

ဖေဖေါ်ဝါရီလ ၃ရက်နေ့မှာ အင်္ဂပူမြို့ကို ခရီးသွားတဲ့ လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်ကိုလည်း လမ်းခုလပ်ကနေ ဖမ်းဆီးထိန်းသိမ်းလာခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာချုပ်နေရာမှာ ထိန်းသိမ်းလိုက်ပြီးနောက်မှာ ဘယ်ကိုပို့ဆောင်လိုက်တယ်ဆိုတာကို မသိရှိရတော့ပါဘူး။

တတိယအကြိမ်လွှတ်တော်အစည်းအဝေး မစတင်မှီအထိ လွှတ်တော်မှာ အလှည့်ကျ စောင့်ဆိုင်း တာဝန်ထမ်းဆောင်ပေးနေတဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ဟာ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူလိုက်တဲ့နေ့မှာပဲ ကိုယ်စားလှယ်အိမ်ယာဝန်းထဲကနေ အချိန်မှီ ရှောင်တိမ်းခဲ့ကြရပါတယ်။

တိုင်းအစိုးရအဖွဲ့နဲ့ ပက်သက်ပြီး နောက်ဆုံးထွက်ပေါ်ခဲ့တဲ့ သတင်းကတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက အစိုးရဌာနတွေအားလုံးကို အလုပ်ပိတ်ရက်အဖြစ် ကြေညာတယ်လို့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးရဲ့ လက်မှတ်နဲ့အတူ ထုတ်ပြန်ခဲ့တဲ့ စာတစ်စောင်ထွက်ပေါ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ စာထွက်ပေါ်တာနဲ့ ပက်သက်ပြီးတော့ စစ်အုပ်စုက ဝန်ကြီးဒေါက်တာလှမြတ်သွေးကို တရားစွဲဆိုခဲ့တယ်လို့ သတင်းတွေအချို့မှာ ဖော်ပြခဲ့ပေမဲ့ DNAရဲ့ ဆက်သွယ်အတည်ပြုချက်အရ ယနေ့အချိန်ထိ မည်သည့်တရားစွဲဆိုမှုကိုမှ လုပ်ဆောင်မထားလို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေထဲမှာ လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရတဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်ကလွဲပြီးတော့ ကျန်တဲ့ ဝန်ကြီးတွေအားလုံးကို အစိုးရအဖွဲ့အိမ်ယာထဲမှာပဲ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်ဟာလည်း အခြားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ နေပြည်တော်ကနေတဆင့် တိမ်းရှောင်နေရတာ အခုချိန်ထိပဲဖြစ်တယ်လို့ သိရပါတယ်။

ထိန်းသိမ်းခံထားရတဲ့ အစိုးရအဖွဲ့ဝင် မိသားစုတွေကို သီးခြားဆက်သွယ်စုံစမ်းရာမှာတော့ အစိုးရအဖွဲ့ဝင်အားလုံးနဲ့ လွှတ်တော်ဥက္ကဌ ဒုတိယဥက္ကဌကို တိုင်းဒေသကြီးလွှတ်တော်အဆောက်အဦးအနောက်ဘက်မှာရှိတဲ့ အစိုးရအဖွဲ့အိမ်ယာဝန်းထဲမှာပဲ သီးခြားနေအိမ်တစ်လုံးစီနဲ့ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။မိသားစုဝင်တွေနဲ့ ပုံမှန်ဆက်သွယ်ခွင့်ပေးထားပြီး ဆက်သွယ်ချိန်မှာလည်း စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်တယ်လို့ ဆိုပါတယ်။လိုအပ်တဲ့ ရိက္ခာနဲ့ ဆေးဝါးတွေကို ပို့ဆောင်ခွင့်ရရှိပြီးတော့ အားလုံးကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ အခု ဘာအပြစ်မှ ကျူးလွန်ထားခြင်းမရှိဘဲ ဖမ်းဆီးထိမ်းသိမ်းထားတာဟာ စစ်အုပ်စုဟာ ဥပဒေကို ချိုးဖောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ရက်ပိုင်းလေးမဟုတ်ဘူး အခုက အချိန် ၇လကျော်နေပြီ ဒီအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတာ လူ့အခွင့်အရေးချိုးဖောက်တာပဲ သူတို့အခုထိ သုံးစွဲနေတဲ့ ဥပဒေတွေအရလည်း အခုလို လုပ်ဆောင်လို့ မရပါဘူး၊ ၅၀၅လည်း အစိုးရအဖွဲ့ကို တပ်လို့မရဘူး ဘာလို့လဲဆိုတော့ ၁ရက်နေ့ကတည်းက ဖမ်းခံထားရတာ၊ NUG၊CRPHနဲ့ ချိတ်ဆက်တယ်လို့လဲ ခေါင်းစဉ်တပ်လို့မရဘူး သူတို့ထိန်းသိမ်းထားတာ အစောပိုင်းထဲက၊ သတင်းကြားတယ် ဖုန်းကိုင်ခွင့်မရဘူး စာဆိုလို့ သူတို့သတင်းစာပဲ အလှည့်ကျဖတ်ရတယ် တီဗီကအစ ပေးမထားဘူးလို့ သတင်းကြားတယ်”လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောပါတယ်။

အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ အခုလို လနဲ့ချီဖမ်းဆီးထားတာဟာ စစ်အုပ်စုက ဥပဒေတွေကို အတိအလင်းဖောက်ဖျက်နေတာပဲဖြစ်ပါတယ်။ မတရားအမှုလုပ် ဖမ်းဆီးခံထားရသူတွေတောင်မှ ဥပဒေအရ ချေပခွင့် မိသားစုနဲ့ တွေ့ဆုံခွင့်နဲ့ အကျိုးတော်ဆောင်ရှေ့နေတွေကို ခေါ်ယူတွေ့ဆုံခွင့် ပေးအပ်ရပါတယ်။ 

အခုလို လနဲ့ချီပြီး ထိန်းသိမ်းထားတာဟာ ပြစ်မှုကျူးလွန်ခြင်းမရှိသေးတဲ့ ပြည်သူက ယုံကြည်စိတ်ချရသူတွေကို အာဏာအလွဲသုံးစားပြုလုပ်ပြီး ဥပဒေမဲ့လုပ်ဆောင်ခြင်း တစ်ခုပဲဖြစ်ပါတယ်။