နေ့တစ်ဝက် အပြင်ထွက်ခွင့်အမိန့်ကြောင့် လူစုလူဝေးပိုဖြစ်​နေ

၂၇ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့တွေမှာ ကိုဗစ်၁၉ ကူးစက်ပျံ့ပွါးမှု လျှော့ချနိုင်ရေးဆိုပြီး စစ်အုပ်စုက မနက်၆နာရီကနေ နေ့လည် ၁၂နာရီအထိသာ အပြင်ထွက်ခွင့်ပြုလိုက်ပြီးနောက် လူစုလူဝေးတွေ ပိုမိုဖြစ်ပေါ်ခဲ့ပြီး လုပ်ငန်းအများစု အခက်အခဲတွေ ဖြစ်ကုန်တယ်လို့ သိရပါတယ်။

အစားအသောက်ကုန်ခြောက်ရောင်းဝယ်ရေးဆိုင်တွေနဲ့ စျေးတွေမှာ လူတွေစုပြုံပြီး လူစုလူဝေးဖြစ်ပေါ်နေတာကြောင့် ကူးစက်မှုကို ပိုမိုမြင့်တက်လာစေဖို့ဖြစ်ပေါ်နေပါတယ်။

ဘဏ်တွေမှာ ပင်စင်လစာထုတ်ယူဖို့ စောင့်ဆိုင်းတာတွေ ငွေထုတ်ယူဖို့စောင့်ဆိုင်းနေတဲ့ သူတွေနဲ့ ပြည့်နေခဲ့ပြီး ကိုဗစ်၁၉ ကူးစက်မှုကို ပိုမိုမြင့်တက်စေဖို့ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ထုတ်ပြန်တဲ့စာက တလွဲကြီးလေ မနက်၆ကနေ ၁၂အထိပဲထွက်ရမယ် နာရေးနဲ့တာဝန်ကလွဲပြီး မထွက်ရဘူးဆိုတော့ အကုန်ငတ်ဖို့ ဖြစ်ကုန်မှာလေ မနက်ပိုင်းထဲက လိုတာထွက်ဝယ်ဖို့ အစောကြီးသွားတန်းစီနေကြတော့တာပဲ၊ ဘဏ်မှာငွေထုတ်ဖို့ကလည်း မနက်ထဲက စုပြုံတိုးနေတော့တာ တစ်မြို့ထဲမဟုတ်ဘူး နေရာတိုင်းဖြစ်နေတာ လူတွေက ငတ်ကုန်ပြီ သူတို့က တလွဲအမိန့်တွေ ထုတ်နေတုန်း”လို့ မြောင်းမြမြို့ခံတစ်ဦးကပြောပါတယ်။

ဖွင့်လှစ်ပေးတဲ့ ဆေးဆိုင်တွေ မုန့်ဆိုင်တွေကို လိုက်လံရှာဖွေရတာဟာ ပိုမိုလူစုလူဝေးဖြစ်ပေါ်နေစေပြီး လိုအပ်တဲ့ ကုန်စည်တွေကို အခြားသော မြို့တွေကနေ ပြန်လည်မှာယူဖို့ လုပ်ဆောင်ရာမှာလည်း စစ်အုပ်စုရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် ဒေသတွင်း ဆေးဝါးနဲ့ ကုန်ခြောက်အချို့ ပစ္စည်းပြတ်လပ်မှုတွေ စတင်ဖြစ်ပေါ်လာနေပါတယ်။