မန္တလေးသပိတ် ဖြိုခွင်းခံရပြီး အမျိုးသမီးတစ်ဦး ခေါင်းကျည်ထိမှန်သေဆုံး

၂၇၊ ဇူလိုင်လ၊ ၂၀၂၁။

ဒီနေ့ (ဇူလိုင်လ ၂၇ရက်နေ့) မွန်းလွဲပိုင်းက မန္တလေးမြို့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွင်းခဲ့ရာ အမျိုးသမီးတစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မဟာမုနိဘုရားကြီးအရှေ့ဘက်မုခ်အနီးမှာ ဖြိုခွင်းခံရတာဖြစ်ပြီး ပစ်ခတ်ဖမ်းဆီးခံရသူ သုံးဦးထဲက မသူသူဇင် (အသက် ၂၅နှစ်) သေဆုံးခဲ့တာပါ။ ကျန်နှစ်ဦးမှာလည်း

ဒဏ်ရာပြင်းထန်တယ်လို့ သပိတ်မှာ ပါဝင်သူတွေက ပြောပါတယ်။

ဒီနေ့ မြတောင်ဆန္ဒပြပွဲ သပိတ်ဟာ လူ ၂၀လောက် ဆိုင်ကယ်နဲ့ ပျောက်ကြားလှည့်လည်ကြတာဖြစ်ပြီး အရပ်ဝတ်နဲ့ အကြမ်းဖက်စစ်အုပ်စုဝင်တွေက အခုလို ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။

ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးကတည်း တစ်နိုင်ငံလုံးမှာ အကြမ်းဖက်စစ်အုပ်စု လက်ချက်ကြောင့် သေဆုံးသူ​ပေါင်း ၉၃၀ ကျော်ရှိလာပြီလို့

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။