ကင်းလှည့်နေတဲ့ ဒုရဲအုပ်ကို အမှတ်(၉၈)တပ်ရင်းက ဗိုလ်ကြီးနဲ့အဖွဲ့က ဝိုင်းဝန်းထိုးကြိတ်

၂၇ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

ဇူလိုင်လ ၂၅ ရက်နေ့ညက လှည့်ကင်းတာဝန်ထမ်းဆောင်နေတဲ့ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့က ဒုရဲအုပ် ကျော်ရဲအောင်ကို အကြမ်းဖက်စစ်တပ် အမှတ်(၉၈)တပ်ရင်းက ဗိုလ်ကြီးကျော်သက်နောင်နဲ့ တပ်ကြပ်တဦး ၊တပ်သားတဦးပါတဲ့အဖွဲ့က

ဝိုင်းဝန်းထိုးကြိတ်ခဲ့တဲ့အတွက် မျက်နှာ ၊ တံတောင်ဆစ်နဲ့ နံရိုးတွေမှာဒဏ်ရာတွေ ရခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ် ။

အဲဒီလို ထိုးကြိတ်ချိန်မှာ “မင်းတို့ရဲတပ်ဖွဲ့က ဒုရဲအုပ်အဆင့်ဟာ ငါတို့တပ်က ရဲဘော်စောက်ဆင့်လောက်ကို မရှိဘူး” လို့လည်း ပြောဆိုကျိန်းမောင်းခဲ့ပြီး နောက်တခါ ထပ်တွေ့ရင် ပစ်သတ်မယ် ၊ ကားနဲ့တိုက်သတ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ် ။

ဖြစ်စဉ်နဲ့ပါတ်သက်ပြီး အသေးစိပ်မသိရပေမယ့် အဲဒီညက ကင်းလှည့်တာဝန်ကို အကြမ်းဖက်စစ်အုပ်စုတွေ ဖြစ်တဲ့ စစ်တပ်နဲ့ရဲ အတူတူကင်းလှည့်ကြပြီး

အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ပြန်အထွက်မှာ အခုလို ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ် ။

အနီးဝန်းကျင်က လူတွေရဲ့ ပြောပြချက်အရ အဲဒီညက ဗိုလ်ကြီးကျော်သက်နောင်က အမှတ်(၃)ရပ်ကွက်ရုံးဘေးက နာရေးကူညီမှုအသင်းရုံးခန်းထဲမှာ အရက်သောက်ပြီး သီချင်းတွေဆိုနေခဲ့တယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပါတ်သက်ပြီး Delta News Agency က ဖျာပုံစခန်းမှူး
ဒုရဲမှူးမြင့်လွင်ကို Viber နဲ့ ဆက်သွယ်ပြီး ဖြစ်စဉ် အသေးစိပ်နဲ့ ဘယ်လိုအရေးယူဆောင်ရွက်ထားတယ်ဆိုတာ မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။