ဝန်ကြီးချုပ် ၊ လွှတ်တော် ဥက္ကဌ အပါအဝင် ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို ပြန်လွှတ်ပြီ

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ လ ၂ ရက်နေ့ကတည်းက ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ထားတဲ့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို မနေ့ကနဲ့ ဒီနေ့မှာပြန်လွှတ်လိုက်ပြီလို့ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ် တဦးက DNA ကို အတည်ပြုပြောပါတယ်။
“ဝန်ကြီးချုပ်ကို ဒီနေ့လွှတ်မယ် ၊ ဒီနေ့ အိမ်ကိုပြန်ရောက်မယ်။ သပြေကုန်းကိုပြန်ရောက်မယ်တဲ့ ၊ ဒေါက်တာလှမြတ်သွေးကလွဲရင် ဝန်ကြီးချုပ် ၊ ဝန်ကြီးတွေ အကုန်လွတ်တယ် ။ လွှတ်တော် ဒုဥက္ကဌက မနေ့က လွတ်တယ် ။ ဥက္ကဌက ဒီနေ့လွှတ်မယ်”လို့ ပြောပါတယ်။
 
အာဏာသိမ်းပြီးစ ဖမ်းဆီးခံကြရချိန်မှာ ဧရာဝတီတိုင်း အစိုးရအဖွဲ့ထဲမှာ စည်ပင်ဝန်ကြီး ဦးကျော်မြင့်တဦးသာ လွတ်မြောက်ခဲ့တာ ဖြစ်ပြီး အားလုံးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အိမ်ယာမှာ နေအိမ်အကျယ်ချုပ် အဖြစ်ထားခဲ့ပြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်ကို အင်္ဂပူမြို့နယ် ၊ ကွင်းကောက်မြို့ အနီးမှာ ရှိတဲ့ တိုင်းဗဟို(၅)တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ အကျယ်ချုပ် ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။
 
လူမှုရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာလှမြတ်သွေးကိုတော့ ပြန်လည်လွှတ်တဲ့အထဲမှာ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကို ဖမ်းဆီးထားပြီးချိန်မှာတောင် ဒေါက်တာလှမြတ်သွေးက သူ့တာဝန်ခဲ့တဲ့ ဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ CDM တွေအတွက် စာတစောင်ထုတ်ပြန်ခဲ့တဲ့အတွက် နေအိမ်အကျယ်ချုပ် ကျခံနေရချိန်မှာ ထပ်မံစစ်ဆေးခံခဲ့ရပြီး အခုလို အားလုံးပြန်လည် လွှတ်ပေးချိန်မှာလည်း ပါဝင်မလာခဲ့သေးတာ ဖြစ်ပါတယ်။