နိုင်ငံရေးအကျဉ်းသား ကိုကျော်ဇောလင်းပြောပြတဲ့ မြောင်းမြထောင်တွင်း အခြေအနေ

ဇန်နဝါရီ ၊ ၂၂

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ကျရောက်ခဲ့တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက အကျဉ်းထောင် အသီးသီးကနေ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သူ ငါးထောင့်ရှစ်ရာ ကျော်ရှိပါတယ်။

ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၄၀ ဝန်းကျင်သာပါဝင်ခဲ့ပြီ ဧရာဝတီတိုင်းအတွင်း အကျဉ်းထောင်တွေကနေ လွတ်မြောက်လာတဲ့ နိုင်/ကျဉ်း ၉ ဦးလွတ်မြောက်ခဲ့ပါတယ်။အဲ့ဒီကိုးဦးထဲက တဦးဖြစ်တဲ့ ကိုကျော်ဇောလင်းဟာ မြောင်းမြအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့တဦးတည်းသောနိုင်ငံရေးအကျဉ်းသားပါ။

အသက် ၃၃ နှစ်သာရှိသေးပြီး ထောင်မကျခင် ၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်းအထိ နယ်လှည့်ပြီး အင်္ဂလိပ်စာဆရာတဦးအဖြစ်ရပ်တည်နေတဲ့သူ့ကို စစ်ကောင်စီက နေအိမ်မှာပဲ လာရောက်ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)နဲ့ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ပါတယ်။

မြောင်မြအကျဉ်းထောင်ထဲမှာ ၁ နှစ်နဲ့ ၁ လ ကြာချုပ်နှောင်ခံရပြီးချိန် ကိုကျော်ဇောလင်းဟာ ခန္ဓာကိုယ် ဘယ်ဘက်တခြမ်းလေဖြတ်ထားပြီး အာရုံကြောတွေတုန့်ဆိုင်းမှုကြောင့် စကားထစ်တာ၊ မမှတ်မိတာတွေအပြင် ခန္ဓာကိုယ်ပုံမှန်မသန်စွမ်းသေးသလို  ဇနီးနဲ့သားဖြစ်သူကိုလည်း ရှာဖွေလို့မတွေ့သေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။

မြောင်းမြထောင်တွင်းမှာသူဘာတွေ ကြုံတွေ့ခဲ့ရတာပါသလဲ၊အဲ့ဒီထောင်တွင်းက နိုင်ငံရေးအကျဉ်းသား တွေအခြေအနေဘယ်လိုရှိနေပါလဲ။ထောင်တွင်းမှာကျန်နေခဲ့တဲ့နိုင်/ကျဉ်းတွေရဲ့ မျှော်လင့်ချက်တွေက ဘာတွေလဲဆိုတာကို DNA က သွားရောက်တွေ့ဆုံ မေးမြန်းထားတာတွေထဲက ကောက်နုတ်ဖော်ပြပေးပါမယ်။

 

မေး : မြောင်းမြထောင်ထဲက အစ်ကိုအပြောပြချင်ဆုံး အကြောင်းအရာက ဘာဖြစ်မလဲ။

ဖြေ : ကျန်းမာရေးစောင့်ရှောက်မှုပါ။ ကျွန်တော် အကောင်းအတိုင်းကြီးကနေ တလအတွင်း လေဖြတ်သွားတာသာကြည့်ပေါ့။ ဘာပဲဖြစ်ဖြစ် ပါရာစီတမော့ပဲပေးပါတယ်။ အဲ့ဒီပါရာစီတမော့တွေထဲမှာ မှိုတက်နေတာတွေတောင်ပါပါတယ်။ HIV/AIDS လူနာတွေကို အကုန်လုံးနဲ့ရောထားပါတယ်။ သူတို့ကို တလတခါ ဆေးအလုံး ၃၀ ပါတဲ့ ဆေးဗူးတွေပေးပေမယ့် ပါရာစီတမော့တောင်မှ မှိုတက်တာတွေသောက်ခိုင်းနေတဲ့လူတွေဆိုတော့ ဒီဆေးတွေဟာ အာနိသင်ပြည့်ဝတဲ့ဆေးတွေ ဟုတ်မဟုတ် ဆိုတာမသိနိုင်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ ထောင်ထဲမှာက အရေပြားယားနာတွေက အကုန်လုံးမှာဖြစ်ကြတာ ပျောက်သွားလိုက် သူများဆီကပြန်ကူးလိုက် သူများပျောက်သွားလည်း ကိုယ်ဆီကပြန်ကူး အဲ့လိုမျိုးတွေဆိုတော့ HIV/AIDS ဆိုတာက ဒီလိုအရေပြားပေါက်ပြဲမှုတွေကနေလည်း ကူးစက်နိုင်တယ်လေ။

 

မေး : အဲ့ဒါတွေနဲ့ပတ်သက်လို့ ထောင်အာဏာပိုင်တွေကိုပြောတာ တောင်းဆိုတာမျိုးတွေရှိကြလား။ အစ်ကိုရော လုပ်ဖူးလား။

ဖြေ : လုပ်ရင် လုပ်တဲ့သူ သေလောက်အောင် အရိုက်ခံရတယ်။ ကျွန်တော်လည်း ကျွန်တော်သောက်ရမယ့်ဆေးက ဒိတ်လွန်နေလို့ ပြောတော့ ပါးတွေအရိုက်ခံရတယ်။ ထောင်မှူးကို သွားပြောရင် ထောင်မှူးကမရိုက်ရင် အောက်ကကောင်တွေကရိုက်တယ်။ အောက်ကကောင်တွေနဲ့ပြောလို့ တခုခု စကားများကြရင် ထောင်မှူးကရိုက်တယ်။ ကျွန်တော်မ‌ရောက်ခင်က ထောင်သားတယောက် လုပ်အားပေးပါတော့ ဖျားနေလို့ ခွင့်ပေးပါသွားတောင်းတာ လုပ်အားပေးလိုက်မလား၊ အရိုက်ခံမလားဆိုပြီး ရွေးခိုင်းတယ်တဲ့။ အရိုက်ခံမယ်လို့ ပြောလိုက်တော့ ရိုက်တာ ရိုက်တာဟာ အဲ့ထောင်သား သေသွားတဲ့အထိပဲတဲ့၊အစီရင်ခံစာမှာကျတော့ နှလုံးအားနည်းလို့ကြောင့် သေတာဆိုပြီးရေးလိုက်တယ်တဲ့၊ ဒါက ကျွန်တော်မရောက်ခင်လေးမှာ ဖြစ်သွားတဲ့အကြောင်းအရာပေါ့နော်။

 

မေး အဲ့ဒီသေသွားတဲ့သူက နိုင်/ကျဉ်းလား။ နိုင်/ကျဉ်းမို့လို့ တမင်ဖိနှိပ်တာမျိုးလား။

ဖြေ : သူက နိုင်/ကျဉ်းတော့ မဟုတ်ဘူး ရိုးရိုးအကျဉ်းသားပေါ့နော်။ ထောင်ထဲမှာက အကုန်လုံးကို နှိပ်စက်တယ် အဲ့ဒီထဲကမှ နိုင်/ကျဉ်းတွေဆိုရင် ပိုနှိပ်စက်ခံရတယ်။

 

မေ : နိုင်/ကျဉ်းတွေကို ပိုနှိပ်စက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။ ထောင်မှူးကလုပ်နေတာလား။

ဖြေ : ထောင်မှူးအပါအဝင် အကုန်လုံးပဲ။ အခန်းတွေမှာ နှစ်ကြာလို့ အခန်းလူကြီးဖြစ်နေတဲ့သူတွေလည်းပါတယ်။ သူတို့ကိုကြည့်တော့ မုဒိမ်းကောင်၊ လူသတ် အလောင်းဖျောက်လို့ နှစ်ကြီးကျနေတဲ့သူတွေ။ ကျွန်တော့်မျက်မြင်မှာတင် နိုင်ငံရေးလုပ်တာ ဟုတ်လားဆိုပြီး မေးမေးပြီးရိုက်တာတွေရှိတယ်။ ကျွန်တော့် လာရိုက်ရင်တော့ လေဖြတ်ထားလို့မို့ တခြားမလုပ်နိုင်ရင်တောင်မှ ‌ေ-ွးစေ့ဖြတ်ကိုက်ဖို့ ကျွန်တော်စဉ်းစားထားပြီးသား။

 

မေး : ဘာလို့ နိုင်/ကျဉ်းတွေကို ပိုနှိပ်စက်တာလို့ ထင်လဲ။

‌ဖြေ : မင်းအောင်လှိုင်က နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူးဆိုတဲ့စကားအပေါ်မှာ လိုက်နင်းပြီး အနိုင်ကျင့်ကြတာပေါ့။ ကြောက်သွားအောင် နောက်မလုပ်အောင်လုပ်တဲ့ သဘောမျိုးပေါ့။ ကျွန်တော်တို့ နိုင်/ကျဉ်းတွေမှာကလည်း ထောင်ဝင်စာတောင်မှ မလာနိုင်တဲ့သူတွေရှိကြတော့ သူတို့လုပ်ချင်တိုင်း လုပ်လို့ရနေတာမျိုးပေါ့။

 

မေး : ထောင်ဝင်စာ မလာနိုင်တဲ့ နိုင်/ကျဉ်းတွေ ဘယ်လောက်လောက် ရှိနိုင်လဲ။ခန့်မှန်းချေပေါ့။

‌ဖြေ : ကျွန်တော်ထင်တယ် (မြောင်းမြထောင်မှာ)နိုင်/ကျဉ်းတွေက ၃၀၀ နဲ့ ၅၀၀ ကြားမှာရှိတယ်။အဲ့ထဲမှာ ထောင်ဝင်စာမလာနိုင်တာက တဝက်လောက် ၅၀ ရာခိုင်နှုန်းလောက်က မလာနိုင်ကြဘူးလို့ ယူဆရတယ်။

 

မေး :ထောင်ထဲမှာ ဘယ်လောက်ထိ ဆိုးဝါးတာတွေ ကြုံခဲ့ဖူးလဲ။

‌ဖြေ : ကျွန်တော့်ကို ဖမ်းပြီးတော့ စစ်ကြောရေးမှာ ၄ ရက်ကြာတယ်။ မေးတယ် နှိပ်စက်တယ်။ သေနတ်ဒင်တွေနဲ့ ခေါင်းကိုထုတယ်။ ကျွန်တော့်ဒီခြေထောက်(ဘယ်ဘက်)က နဂိုက ကျိုးထားတာ၊ အဲ့ဒါကိုနံပါတ်တုတ်တွေနဲ့ အပေါ်ကနေ ဖိကြိတ်တယ်။ အကြိမ်ကြိမ်ဖိကြိတ်လှိမ့်တယ်။ မကျိုးထားရင်တောင်မှ ခြေသလုံးရိုးပေါ်မှာ အားနဲ့အဲ့လိုကြိတ်တာ ဘယ်လောက်ခံရလဲနော်၊ တိုက်မိရင်တောင် ပြောမပြတတ်အောင်နာတာလေ။ တကိုယ်လုံးကိုကန်တယ်၊ အရိုးတွေအကုန်ကျိုးပြီလားလို့တောင်ထင်တယ်။ ခြေကျင်းခတ်ပြီး ရိုက်တယ် ရက်စက်နည်းအစုံပဲ။ ကျွန်တော့်မှာ သံကြိုးသံကြားတာနဲ့တင် လူကတုန်ပြီးကြောက်မိတဲ့အထိ ခံစားရတယ်။

အဲ့ကနေပြီး ထောင်ကြီးချုပ်ပေါ့၊ထောင်ကိုပို့တယ်။ ထောင်ထဲမှာ ဒီဒဏ်ရာတွေနဲ့ စောင်နှစ်ထည်နဲ့ တမံတလင်းမှာအိပ်ရ၊ နေရတဲ့အခါမှာ (ဘယ်ဘက်တခြမ်းလုံး)လေဖြတ်သွားတယ်။ (လက်ရှိမှာတော့ နူတ်ခမ်း ပြန်လည်ကောင်းမွန်နေပေမဲ့ လက်နဲ့ ခြေထောက်ကတော့ မကောင်းမွန်သေးတာကို DNAကတွေ့ခဲ့ရပါတယ်)။ အဲ့လို လေဖြတ်နေတယ်။ ဒဏ်ရာတွေလည်း အရှင်းမပျောက်သေးတဲ့သူကို သံဒေါက်နဲ့ခြေကျင်းခတ်ပြီး ရုံးထုတ်တယ်။ ကျွန်တော် နာတာ နာတာဆိုတာ အသဲထဲကကိုနာတယ်။

ဒါက ကိုယ်တိုင်ကြုံရတာပေါ့နော်။ နောက်ပြီးတော့ ခေတ်သစ်မှာ သတင်းပါဖူးတယ်။ ခေတ်သစ်က သတင်းကို MRTV ကနေပြီး Fake News ဆိုပြီးပြန်လွှင့်တဲ့ သတင်းတခုရှိတယ်။ အဲ့ဒါက ကိုရဲရင့်အောင် ကိစ္စ။ တကယ်က အဲ့ဒါက တကယ်အမှန်။ ကိုရဲရင့်အောင်က သူ့ဘာသာထိုင်နေတာကို ဒီလောက်ရှိတဲ့(ဘောလ်ပင်တချောင်းစာ) သံချွန်နဲ့ ပြေးထိုးတာခံရတာ။ ကိုရဲရင့်အောင်က သူ့ဘာသာထိုင်နေတာနော်၊ ဘာမှလုပ်နေတာ မဟုတ်ဘူး။ အဲ့ဒါကို ရိုးရိုးထောင်သားက ပြေးထိုးတာ။ အဲ့ဒါကို ထိုးတဲ့သူကို ဘာမှမလုပ်ပဲ အထိုးခံရတဲ့ ကိုရဲရင့်အောင်ကို ဝိုင်းရိုက်ကြတယ်။ အဲ့ဒီသတင်းက ခေတ်သစ်မှာပါလာတာကို MRTV ကနေပြီး Fake News ဆိုပြီးပြန်လွှင့်တာကို ကျွန်တော်တို့ ကြည့်လိုက်ရတယ်။ အဲ့ဒါမှာ သူတို့က ထောင်သားချင်း ရန်ဖြစ်တာလို့ပြောတာ၊ တကယ်က မဟုတ်ဘူး။ ကိုရဲရင့်အောင်က နိုင်ငံရေးသမား နိုင်ငံရေးစကား နည်းနည်းပြောလေ့ရှိတယ်။

 

မေး : ခေတ်သစ်မှာပါလာတာဆိုတော့ သတင်းတွေထုတ်လို့ရတဲ့သဘောပေါ့။ ဒါပေမယ့် တခြားသော အကြောင်းအရာတွေကျတော့ သိပ်မထွက်လာဘူး ဘာဖြစ်လို့လဲ။

‌ဖြေ : ကျွန်တော်တကိုယ်တည်းကို သတင်းတွေအပြင်ထုတ်နိုင်ဖို့ ကြိုးစားခဲ့တာ အကြိမ် ၅၀ ကျော်တယ်။ တချို့သတင်းတွေက သတင်းထောက်လက်ထဲ ရောက်သွားတယ်လို့ပြောတယ်။ ဒါပေမယ့် သိပ်မကြာဘူး ကျွန်တော့်ကို ကူပေးနေတဲ့ ဝန်ထမ်းကောင်လေး ထောင်ကျတယ်။ အဓိက ကျွန်တော်တို့ စာတွေကို အပြင်ထုတ်ပေးလို့ပေါ့။ သူပြောတဲ့ သတင်းထောက်က ဘယ်လိုသတင်းထောက်လဲဆိုတာ ကျွန်တော် မသိဘူး။ သူလည်း သတင်းထောက်ဆိုတာပဲသိတာ။ ဆိုတော့ သတင်းတွေမထွက်လာတာဟာ သတင်းထောက်တွေက သူတို့လုံခြုံရေးကြောင့် မထုတ်ကြတာလား၊ ဒါမှမဟုတ် သတင်းထောက် မဟုတ်တာလား ကျွန်တော်လည်း မသိဘူး။

 

မေး : အစ်ကိုပြောတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာမှာ ထပ်ဖြည့်ပြောချင်တာ ဘာရှိဦးမလဲ။

‌ဖြေ : အစားအသောက်ပေါ့ဗျာ၊ထောင်ဝင်စာမလာနိုင်တဲ့သူတွေက အဲ့ဒါတွေပဲစားရတာကိုးဗျ။ ပဲဟင်းဗျာ ပြောရရင် ကလေးအီးစော်နံတဲ့ ပဲဟင်းကို ဆားတောင်မပါဘူးဗျာ။ ထမင်းက ဝက်စာကတောင်သာဦးမယ်။ တပတ်မှာ ငါးရက် အသားဟင်းကျွေးတယ်၊ ငါးပေ၊ါ့အမြဲတမ်း ငါးကျွေးတယ်။ ငါးပြုတ်ပေါ့၊ အဲ့ဒါ ငါးပုတ်တွေကို စားရတာတွေရှိတယ်။ နောက် ကျွန်တော်တို့သုံးရတဲ့ရေတွင်းနဲ့ အိမ်သာဟာ ၈ ပေပဲဝေးတယ်။ အဲ့ဒီရေကို သုံးရတယ် သောက်ရတယ်။ ဆေးရုံဆေးခန်းသွားချင်ရင် အရိုက်ခံရတယ်။ ငွေရှိတဲ့သူတွေကတော့ ဇိမ်ကျတယ်။ ငွေရှိရင် ငွေပေးနိုင်ရင် မိန်းမကလွဲရင် အကုန်ရတယ်။

 

မေး : ငွေပေးရင်ရတယ်ဆိုတော့ ထောင်ထဲမှာ ငွေကိုင်လို့ရလား။

‌ဖြေ : သူတို့ တပွင့်နဲ့ကောင်တွေရှိတယ်။ အိပ်ဆောင်မှူးတွေပေါ့။ အဲ့ကောင်တွေကို ကျွန်တော်တို့က ငွေလိုတယ်ဆိုရင် ဖုန်းဆက်ခိုင်းတယ်၊ ဖုန်းဆက်ခိုင်းရင် သူတို့က ငါးသောင်းနဲ့အထက်ဆိုရင် ငွေတသောင်းဖြတ်တယ်။ အဲ့ကနေပိုတဲ့ပိုက်ဆံကို ကျွန်တော်တို့ကိုပေးတယ်။ အဲ့ဒီပိုက်ဆံကို ကျွန်တော်တို့က ကိုင်ထားတာပေါ့ဗျာ။ ဒါကထောင်ထဲမှာ တပွင့်နဲ့ကောင်ကိုယ်တိုင် ဖုန်းဆက်ပြီးပေးထားတဲ့ ပိုက်ဆံပဲလေ၊ တရားမဝင်ဘူးဆိုပေမယ့် တဖက်ကလည်း တရားဝင်တယ်ပေါ့။ အဲ့ဒီမှာ ရှာဖွေရေးကလာရင် အဲ့ဒီပိုက်ဆံကို ရှာဖွေ‌ရေးကသိမ်းသွားပြီ ပြန်မရတော့ဘူး။

 

မေး : အဲဒီတော့ ကျန်းမာရေးကိစ္စဘာညာဖြစ်လာရင် ဘယ်လိုလုပ်ရလဲ။

‌ဖြေ :အိမ်ကိုပဲ လိုအပ်တဲ့ဆေးဝါးလှမ်းတောင်းပြီး သောက်ရတာပေါ့။ ဒါတောင် သွင်းမရတဲ့ဆေးတွေလည်းရှိတယ်။

 

မေး : မြောင်းမြထောင်ထဲမှာ လွတ်ရက်နီးတဲ့ အခြားသောနိုင်/ကျဉ်းတွေရှိနေသေးလား။

‌ဖြေ : တော်တော် များများက နှစ် ၃၀၊ နှစ် ၅၀၊ နှစ် ၉၀ တောင်ရှိတယ်။ ဘယ်လိုများအမှုတွေတပ်ပြီးဖမ်း ထားတာလဲဆိုတာ။ လွတ်ဖို့ လမ်းစမရှိတဲ့ နိုင်ငံရေးသမားတွေရှိနေတယ်။

 

မေး : သူတို့ရဲ့မျှော်လင့်ချက်တွေ အစ်ကိုကနေတဆင့်ပါးလိုက်တဲ့ သတင်းစကားတွေရောရှိလား။

‌ဖြေ : ကျွန်တော်တို့ထောင်ထဲမှာ မလွတ်မြောက်နိုင်တဲ့သူတွေ အများကြီးရှိတယ်။ ကျွန်တော်တို့က အခုတိုက်နေတဲ့ PDF တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေကိုပဲ ကျွန်တော်တို့ ထောင်သားတွေက အားကိုးနေရတာ။ သူတို့နိုင်မှ ကျွန်တော်တို့တွေက ပြန်လွတ်မှာ။ မိသားစုနဲ့ပြန်ပြီးတွေ့ခွင့်ရမှာ။ ပြောရင်းဆိုရင်း ကျွန်တော်ဝမ်းနည်းလာတယ်။ သူတို့ရဲ့ ယုံကြည်ချက်တွေကို ရိုက်ချိုးဖျက်ဆီးတဲ့ လုပ်ရပ်မျိုး မလုပ်မိဖို့အတွက် ဒီဟာကြီးကို မဖြစ်မနေတိုက်ထုတ်ဖို့ တိုက်တွန်းလိုတယ်။ အဲ့လိုဝိုင်းဝန်းပြီးတိုက်ခိုက်ကြပေးဖို့ကို ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုယ်စား  ကျွန်တော်ပြောကြားလိုပါတယ်။