ပြည်သူစိတ်မဝင်စားတဲ့ အောင်ဘာလေထီကို Onlineကနေ ရောင်းဖို့ စစ်အုပ်စုကြိုးပမ်း

၁၁၊ စက်တင်ဘာလ ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်မှာ ဝယ်ယူသူမရှိတဲ့ အောင်ဘာလေထီကို Online ကနေတဆင့် ရောင်းချဖို့အတွက် စစ်အုပ်စုက နည်းပညာပံ့ပိုးနိုင်တဲ့ အဖွဲ့တွေကို အဆိုပြုလွှာခေါ်ယူနေပါတယ်။

စစ်အုပ်စုကို တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရရှိစေမဲ့ အောင်ဘာလေထီကို ပြည်သူတွေက ဝယ်ယူခြင်းမရှိတာကြောင့် စစ်အုပ်စုက သူတို့လက်အောက်ခံ ဌာနဆိုင်ရာတွေကို မဝယ်မနေရ အချိုးကျခွဲတမ်းနဲ့ ရောင်းချခဲ့ပေမဲ့ အောင်မြင်မှုမရှိခဲ့ပါဘူး။

“အပြင်မှာရောင်းလို့ Onlineက ရောင်းလို့နဲ့မဆိုင်ဘူး အဓိက တစ်အချက်က ထီရောင်းရငွေရဲ့ အချိုးအစားတစ်ခုကို သူတို့ရတာမို့ သူတို့ကို ဝင်ငွေရမှာဆိုးလို့ ပြည်သူက မထိုးတာ၊ နှစ်အချက်က အရင်က ထီပေါက်တယ်ဆိုရင် ကံထူးရှင်ဘယ်သူဆိုတာကို သိရသလို ထီဆုငွေကိုလည်း လက်ဝယ်ပိုင်ဆိုင်နိုင်တယ် အခုဘယ်သူကတော့ ထီဆုကြီးပေါက်ပါတယ်လို့ သိရလဲ အဲ့ဒါအပြင် ကိုယ်တိုင်တစ်ကယ်ပေါက်ခဲ့ရင်တောင်မှ ဆုငွေက ထုတ်မရဘူးဆိုရင် ဘယ်လိုလုပ်မလဲ၊ ကျွန်တော်ပြောတာ အောင်ဘာလေထီကို တရားမဝင်ကြေညာထားတဲ့ ကိစ္စမပါသေးဘူး၊ NUGက ထီရောင်းတယ် စျေးကြီးတယ် ပေါက်ရင်လဲ ဆုငွေက လှူရမှာများနေတာကို ဘာလို့ထိုးကြလဲဆိုတာ ရှင်းတယ် စေတနာရှိလို့”လို့ အကြမ်းဖက်စစ်အုပ်စုက အာဏာမသိမ်းမှီအထိ ထီကိုယ်စားလှယ် လုပ်ဆောင်ခဲ့သူ တစ်ဦးကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကလည်း ဥပဒေအရ အောင်ဘာလေထီကို ဖျက်သိမ်းထားပြီး အကြမ်းဖက်စစ်အုပ်စုက ဆက်လက်ရောင်းချနေခြင်းကိုလည်း ဥပဒေအရ ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။