ဂန့်ဂေါမှာ စစ်အုပ်စုနဲ့ PDF တို့တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်အကျအဆုံးရှိ

၁၀၊ စက်တင်ဘာလ၊ ၂၀၂၁။

ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာမှာ စက်တင်ဘာလ ၉ရက်နေ့ မနက် ၁၀ နာရီ ၃၀မိနစ်ခန့်က စတင်ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ PDFတို့ အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ဒေသခံပြည်သူ ၁၀နဲ့အထက် သေဆုံးခဲ့ပြီး နေအိမ် ၁၀လုံးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကာ ဒီကနေ့ စက်တင်ဘာလ ၁၀ရက်နေ့ မနက် ၆နာရီခန့်က စတင်ပြီးတော့လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတယ်လို့ မြင်သားကျေးရွာခံတစ်ဦးက The 74 Media မှာ ပြောကြားထားပါတယ်။

“အခုကအနောက်တောင်ဘက်ကရွာမှာ ကုန်းထိပ်မှာ တိုက်နေတယ်။ ရွာထိပ်ကနေထိုင်စောင့်ပြီးတိုက်နေတာ။ ဒီမနက်ထိ ရွာထဲကအိမ်တွေမီးရှို့နေတုန်းပဲ။ သူတို့က မိုးလင်းတာနဲ့ထပ်ရှို့တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲတွေကြောင့် မြင်သား၊ သာလင်း၊ ကုန်းရွာနဲ့ တိုက်ပွဲအနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
Source- The 74 Media