စစ်အုပ်စုရဲ့ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာငွေ ၆၇သန်းအထိ ထုတ်ရောင်းအပြီးမှာ ရောင်းစျေး၊ဝယ်စျေး ကွာဟချက်နှုန်းထားသတ်မှတ်မှုကို ပယ်ဖျက်

၁၁ ၊ စက်တင်ဘာလ ၊ ၂၀၂၁ ။

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေစျေးကွက်မှာ ရောင်းစျေးနှုန်းနဲ့ ဝယ်စျေးနှုန်းအကြားမှာ အများဆုံးထားရှိရမဲ့ ငွေကြေးကွာဟချက် ၀ဒသမ၈ ရာခိုင်နှုန်းသတ်မှတ်ချက်ကို ပြန်လည်ပယ်ဖျက်လိုက်ပါတယ်။

ပြင်ပငွေကြေးစျေးကွက်မှာ အမေရိကန် တစ်ဒေါ်လာကို ၂၀၂၀ဝန်းကျင်အထိ မြင့်တက်ခဲ့အပြီးမှာ နိုင်ငံခြားငွေ တရားဝင် ဝယ်ယူရောင်းချခွင့် ရရှိထားတဲ့ ဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဝယ်ယူရောင်းချလိုသူ မရှိတော့ဘဲ ပြင်ပ Black Market မှာသာ ကြိုက်ရောင်းကြိုက်ဝယ် ရောင်းချနေမှုအပြီးမှာ အခုလို ပယ်ဖျက်လိုက်တာပဲဖြစ်ပါတယ်။

နိုင်ငံခြားငွေ ရောင်းစျေး၊ဝယ်စျေး ကွာဟချက်နှုန်းထားဟာ ၂၀၁၈ခုနှစ်မှာ ပယ်ဖျက်ခဲ့တဲ့ သတ်မှတ်ချက်တစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်မှာ ပြန်လည်သတ်မှတ်ခဲ့ပေမဲ့ မအောင်မြင်ဘဲ ပြန်လည်ဖျက်သိမ်းခဲ့ရတာပဲဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အာဏာသိမ်းယူပြီးနောက်မှာ ပြိုလဲလာတဲ့ စီးပွါးရေးလုပ်ငန်းတွေကို မထိန်းသိမ်းနိုင်ဘဲ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊အကျ ကြီးမားခြင်းကို လျော့နည်းစေဖို့နဲ့ နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းဖို့ အမေရိကန်ဒေါ်လာ ၆၇သန်းထိ စျေးပြိုင်လေလံနဲ့ ရောင်းချခဲ့ပါတယ်။

ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံနဲ့ ဇူလိုင် ၇ ရက်နေ့မှာ ဒေါ်လာသုံးသန်း၊ ၆ ရက်နေ့မှာ ဒေါ်လာသုံးသန်း၊ ၅ ရက်တွင် ဒေါ်လာသုံးသန်း၊ ၈ ရက်နေ့မှာ ဒေါ်လာခြောက်သန်း၊ ဇူလိုင် ၁၄ ရက်နေ့မှာ ဒေါ်လာသုံးသန်း၊ ၁၅ ရက်နေ့မှာ ဒေါ်လာသုံးသန်း၊ ၁၆ ရက်နေ့မှာ ဒေါ်လာသုံးသန်း၊ ဇူလိုင် ၂၆ ရက်နေ့မှာ ဒေါ်လာသုံးသန်း၊ ဇူလိုင် ၂၇ ရက်နေ့မှာ ဒေါ်လာသုံးသန်း၊ ဇူလိုင် ၂၈ ရက်နေ့မှာ ဒေါ်လာသုံးသန်း၊ ၂၉ ရက်နေ့မှာ ဒေါ်လာသုံးသန်း၊ ဇူလိုင် ၃၀ ရက်နေ့မှာ ဒေါ်လာသုံးသန်း ၊ သြဂုတ်လ ၂ ရက်နေ့မှာ ဒေါ်လာသုံးသန်း၊ ၃ ရက်နေ့မှာ ဒေါ်လာနှစ်သန်း၊ ၄ ရက်နေ့မှာ ဒေါ်လာသုံးသန်း၊ ၉ ရက်နေ့မှာ ဒေါ်လာနှစ်သန်းခွဲ၊ ၁၂ ရက်နေ့မှာ ဒေါ်လာ နှစ်သန်းခွဲ၊ ၂၃ ရက်နေ့မှာ ဒေါ်လာဆယ်သန်း၊ ၂၅ ရက်နေ့မှာ ဒေါ်လာငါးသန်းထိရောင်းချခဲ့တာပါ။