ကျိုက်ထိုမြို့နယ်ထဲက ရွာကို KNU၊ PDFတွေက လက်နက်ကြီးနဲ့ပစ်လို့ အရပ်သား ၂ဦးဒဏ်ရာရဆိုတဲ့ သတင်းမှား
၁၇၊ အောက်တိုဘာ၊ ၂၀၂၆
Fact Check – DNA/ MFCN/ The Red Flag
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက၊ ငှက်ပျော်တော ကျေးရွာအုပ်စုကို KNU၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ၊ ၁၂ရက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုစာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
ဒီအကြောင်းအရာကို “စစ်နိုင် News Agency” ဆိုတဲ့ စစ်တပ်ဝါဒဖြန့် ချန်နယ်တခုကနေ ပြီးခဲ့တဲ့ အောက်တိုဘာ၊ ၁၅ရက်က “KNU နှင့် PDF ပူးပေါင်းအဖွဲ့က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် တောင်သူစုရပ်ကွက်နေ ဦးမင်းဇော်၊ အသက် ၄၂ နှစ်နှင့် ငှက်ပျောတောကျေးရွာနေ ဦးချစ်သဲအောင်၊ အသက် ၃၃ နှစ်တို့ ဒဏ်ရာရရှိခဲ့သည်။” (မူရင်းအတိုင်း) စတင်ဖြန်ဝေထားပြီး ပြန်လည်မျှဝေသူတွေရှိနေတာကြောင့် ပျံ့နှံ့မှုရှိနေပါတယ်။
သတင်းမှားလင့်များ
ပျံ့နှံ့လာတဲ့အဲ့ဒီအကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA FACT CHECK အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။
သတင်းစိစစ်ချက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျော်တောကျေးရွာအုပ်စုမှာရှိတဲ့ ဇီးကုန်းကျေးရွာကို ကျိုက်ထိုမြို့ အခြေစိုက် တပ်မ (၄၄) ကပြီးခဲ့တဲ့ အောက်တိုဘာ၊ ၁၂ရက်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သံလွင်တိုင်းမ်သတင်းဌာနက ပြီးခဲ့တဲ့ အောက်တိုဘာ၊ ၁၃က သတင်းဖော်ပြထားပါတယ်။
သံလွင်တိုင်းမ် သတင်းဌာနက ဖော်ပြထားတဲ့ သတင်းအပြည့်အစုံ >>> https://www.facebook.com/share/p/1DYRsmrGoC/
ငှက်ပျော်တောကျေးရွာအုပ်စုကို ဒရုန်းနဲ့ သုံးကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သုံးဦးသေဆုံးခဲ့ပြီး၊ ငါးဦးထပ်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်နယ်အခြေစိုက်မီဒီယာတခုဖြစ်တဲ့ Mon News Agency ကနေ ပြီးခဲ့တဲ့အောက်တိုဘာ၊ ၁၄ရက်က သတင်းရေးသားဖော်ပြထားပါတယ်။
Mon News Agency သတင်းဌာနက ဖော်ပြထားတဲ့ သတင်းအပြည့်အစုံ >>> https://bit.ly/4dIWki1
ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အသက် ၄၃နှစ်အရွယ် ဦးမင်းဇော်နဲ့ ဇနီးဖြစ်သူ အသက် ၄၃နှစ်အရွယ် ဒေါ်စန္ဒာနဲ့ ညီတော်စပ်သူ အသက်၂၁နှစ်အရွယ် ကိုဇွဲဇင်ဖြိုးတို့သေဆုံးခဲ့ရသလို စစ်ကောင်စီတပ်ကနေ ပြီးခဲ့တဲ့အောက်တိုဘာ ၁၃ရက်ကလည်း Y-12လေယာဉ်နဲ့ လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာနဲ့ အသေခံဒရုန်းပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ People’s Spring သတင်းဌာနကနေ သတင်းဖော်ပြထားပါတယ်။
People’s Spring သတင်းဌာနကဖော်ပြထားတဲ့ သတင်းအပြည့်အစုံ >>> https://www.facebook.com/share/p/1EfKVf719f/
သတင်းသုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့ စိစစ်တိုက်ဆိုင်ချက်အရ စစ်ကောင်စီ၊ တပ်မ (၄၄) က ကျိုက်ထိုမြို့နယ်ထဲက ငှက်ပျော်တောကျေးရွာအုပ်စုထဲကို ဒရုန်း၊ Y-12 လေယာဉ်၊ လက်နက်ကြီးတွေတွေနဲ့ အောက်တိုဘာ ၁၂ရက်နဲ့ ၁၃ရက်တွေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သုံးဦးသေဆုံးခဲ့ပြီး ငါးဦးထပ်မနည်း ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်ဖြစ်တာကို တွေ့ရပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက လေကြာင်းကတဆင့်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးတဲ့ ဖြစ်စဉ်ကို ဖုံးကွယ်ဖို့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအပေါ် ပုံဖျက်တိုက်ခိုက်ဖို့အတွက် အရပ်သားနှစ်ဦးသာဒဏ်ရာရရှိခဲ့သလို ဖြစ်စဉ်နဲ့ သေဆုံး၊ ထိခိုက်သူအရေအတွက်ကို လိမ်လည်လှည့်ဖြားရေးသားထားတာကိုတွေ့ရပါတယ်။
ဒါကြောင့် KNU၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ငှက်ပျော်တောကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့အကြောင်းအရာမှာ အထင်အမြင်လွဲမှားစေဖို့ ရည်ရွယ်ချက်ရှိရှိရေးသားထားတဲ့ သတင်းမှားတခုဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်