ပင်လယ်နီမှာ ဂရိ ရေနံတင်သင်္ဘော ဒုံးကျည်ထိမှန်

ဇန်နဝါရီ၊ ၁၇

ပင်လယ်နီမှာ ခုတ်မောင်းနေတဲ့ ဂရိပိုင် ရေနံတင် သင်္ဘော တစီးကို ဒုံးကျည်တိုက်ရိုက် ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဂရိ ရေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ သတင်းရင်းမြစ် နှစ်ဦးက အဲဒီဖြစ်စဉ် မှန်ကန်ကြောင်း ဇန်နဝါရီ ၁၆ ရက်မှာ Reuters သတင်းဌာနဆီ အတည်ပြု ပြောကြားခဲ့ပါတယ်။ 

အမှုထမ်း ၂၄ ဦး လိုက်ပါလာတဲ့ MT Zografia သင်္ဘောဟာ ပင်လယ်နီထဲမှာ မြောက်ဖက်ကို ဦးတည် ခုတ်မောင်းနေရင်း တိုက်ခိုက် ခံရတာ ဖြစ်ပါတယ်။ ပင်လယ်နီဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်း ယီမင်အခြေစိုက် ဟိုသီသူပုန်တွေက အရပ်ဖက် ရေကြောင်းသွားလာမှုတွေကို ဆက်တိုက် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းနဲ့အတူ အခုလို ဂရိသင်္ဘောကို ဒုံးကျည် ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ 

အရပ်ဖက် ရေယာဉ်တွေကို ဟိုသီတွေက ပစ်မှတ်ထားနေတဲ့အပေါ် အမေရိကန်နဲ့ ဗြိတိန်တို့က လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ပြီး ဟိုသီ စစ်ရေးဌာန တချို့ကို ဖျက်ဆီးပစ်ခဲ့ပေမယ့် အီရန် အားပေးထောက်ခံတဲ့ သူပုန် အဖွဲ့တွေက ပင်လယ်နီမှာ ဒုံးကျည်နဲ့ ဒရုန်းတွေ ပစ်ခတ်မှုကို ဆက်လက် လုပ်ဆောင်နေဆဲပါ။

ဂရိက ပိုင်ဆိုင်ပြီး မော်လ်တာနိုင်ငံအလံ လွှင့်ထူထားတဲ့ သင်္ဘောဟာ ပင်လယ်နီ တောင်ဖက် ရေပြင်မှာ ရှိနေပြီး မြောက်ဖက်ကို ဦးတည် ခုတ်မောင်းနေချိန် ဒုံးကျည်နဲ့ ပစ်ခတ် ခံရတာလို့ ရေကြောင်း သွားလာမှု ဘေးအန္တရာယ် စီမံခန့်ခွဲရေး ကုမ္ပဏီဖြစ်တဲ့ Ambreyက ဆိုပါတယ်။

အဲဒီ သင်္ဘောဟာ ဂါဇာစစ်ပွဲ စတင်ပြီးနောက်ပိုင်း အစ္စရေးမှာ ကမ်းကပ်ခဲ့ဖူးတာကြောင့် ဟိုသီတွေရဲ့ အငြှိုးထား ရန်လိုမှုကို ကြုံရတာ ဖြစ်ဖွယ်ရှိကြောင်း လေ့လာသူတွေက ပြောပါတယ်။ လောလောဆယ်တော့ ဟိုသီတွေက ဂရိပိုင် သင်္ဘောကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဒုံးကျည်ဒဏ်ကြောင့် သင်္ဘော ကိုယ်ထည်မှာ ထိခိုက်ပျက်စီးမှု တချို့ ဖြစ်ခဲ့ပေမယ့် ဆက်လက် ခုတ်မောင်း ခရီးဆက်နိုင်ခဲ့သလို သင်္ဘောသားတွေ ဒဏ်ရာရတာလည်း မရှိခဲ့ဘူးလို့ ဂရိ ဝန်ကြီးဌာန သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အဲဒီ ဖြစ်စဉ်အပြီး ပင်လယ်နီကနေ ဖြတ်သန်းမယ့် သင်္ဘောတချို့ရဲ့ ခရီးစဉ်တွေကို ယာယီ ဆိုင်းငံ့ထားပြီး အခြေအနေ ပြန်လည် စောင့်ကြည့်နေကြတယ်လို့လည်း သိရပါတယ်။

 

Ref: Reuters