ဧရာဝတီတိုင်းမှာ ဆန်စပါးဈေး ထပ်တက်

ဇန်နဝါရီ၊ ၁၇
 
ဧရာဝတီတိုင်း အတွင်းက အဓိက ဆန်စပါး ဈေးကွက်ဖြစ်တဲ့ ပုသိမ် မြောင်းမြ ဖျာပုံ ဆန်စပါးဈေးကွက်တွေမှာ ဆန်စပါး ရောင်းဝယ် ဈေးနှုန်းတွေ ထပ်တက်လာတယ်လို့ ဒေသခံ ဆန်စပါး ရောင်းဝယ်သူတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ လအတွင်း ဆန်စပါးဈေး ရုတ်တရက် တဟုန်ထိုး မြင့်တက်ခဲ့သလို လက်ရှိဇန်နဝါရီလ ဒုတိယပတ်ကစလို့ ဆန်စပါးဈေး ထပ်လာတယ်လို့ ဆိုပါတယ်။
 
ရွှေသွယ်၊ ပခန်း၊ ရက်ကိုးဆယ် ၊မနှောသုခ ၊ မိုးရေဆင်း စတဲ့ ဆန်ကြမ်း အုပ်စုရော တောင်ပျံ အပါအဝင် ရွှေဘို ၊ ဧရာတီ၊ ဖျာပုံ၊ ဥတို၊ ရေကြည် ၊ပေါ်ဆန်ယဉ် စတဲ့ ပေါ်ဆန်းဆန် (ဆန်ချော) အုပ်စုဝင် ဆန်တွေအားလုံး ဈေးထပ်တက်လာတာပါ။
 
“ ဆန်ဈေး စပါးဈေးက တက်ပြီးရင်း တက်နေတယ် ကျတယ်မရှိဘူး၊ ဒီနေ့ ရောင်းရငွေက နောင်နေ့ အရင်းအတွက် ကာမိဖို့ခက်တယ်၊ ဈေးကွက် တည်ငြိမ်တာ ကြိုက်တယ် ခုကမငြိမ်ဘူး အရမ်းလှုပ်လွန်းတယ် ဝယ်သူ စားသုံးသူ ရောင်းသူ အားလုံး ကျပ်တည်းကြရတယ် ” လို့ မြောင်းမြမြို့က အသက်ငါးဆယ်ကျော်အရွယ် ဆန်စပါး ရောင်းဝယ်သူ ဦးကြည်သိမ်းက DNA ကိုပြောပါတယ်။
 
ဆန်ကြမ်း အုပ်စုဝင် ဖြစ်တဲ့ ရွှေသွယ်၊ ပခန်း၊ ရက်ကိုးဆယ်၊ မနှောသုခ၊ မိုးရေဆင်း စတဲ့ ၂၄ ပြည်ဝင် ဆန်တအိတ်ကို ၅၀၀၀ ကျပ်နဲ့ ဆန်ချောအုပ်စုဖြစ်တဲ့ တောင်ပျံ အပြန် အပါအဝင်၊ ရွှေဘို ၊ ဧရာတီ၊ ဖျာပုံ၊ ဥတို၊ ရေကြည် စတဲ့ ပေါ်ဆန်း ဆန်တွေကလည်း ၂၄ ပြည်ဝင် တအိတ် ကို ၆၀၀၀ကျပ် အထိ ဈေးထပ်တက်တာပါ။
 
ဒါ့အပြင် စပါးဈေးမှာလည်း ဆန်ကြမ်း စပါးက ဒီဇင်ဘာလအတွင်းက တင်းတရာကို ကျပ် ၁၉ သိန်း ရှိရာ က တင်းတရာကို ကျပ် ၂၇ သိန်း အထိ မြင့်တက်လာပြီး ဧရာဝတီတိုင်းကထွက်တဲ့ ဆန်ချောအုပ်စု ပေါ်ဆန်းစပါး အမျိုမျိုးကတော့ ဒီဇင်ဘာလ အတွင်းက တင်းတရာ ကို ၂၈ သိန်း ရှိရာက တင်းတရာကို ကျပ် ၃၆ သိန်းအထိ မြင့်တက်လာပါတယ်။
 
“ ဆန်စပါးဈေး တက်ပေမယ့် တောင်သူလက်ထဲမှာက စပါးမရှိတော့ဘူးလေ တောင်သူတွေ အတွက် အကျိုးမဖြစ်ဘူး စစ်တပ်နဲ့ ကုန်သည်ကြီးတွေ စက်ပိုင်တွေလက်ထဲမှာ စပါးရှိနေတာ ဈေးတက်တယ် ကျတယ်ဆိုတာ သူတို့ လက်ထဲမှာ ” လို့ ပုသိမ်မြို့နယ်က တောင်သူ ဦးလှဝင်း က ဆိုပါတယ်။
 
ဒါပေမယ့် ရေကျနောက် စိုက်စပါးတွေက ဇန်နဝါလကုန်မှာ ပေါ်တော့မှာဖြစ်လို့ လက်ရှိဆန်စပါးဈေးနှုန်းမှာပဲရှိ နေနိုင်ပြီး ဈေးထပ်တက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဧရာဝတီတိုင်း ဆန်စပါး ကုန်သည်ကြီးတချို့က သုံးသပ်ပါတယ်။
 
အကယ်၍ ဈေးနှုန်းထပ်မံမြင့်တက်မယ်ဆိုရင်လည်း အနည်းအကျဉ်းမျှသာ ဖြစ်မယ်လို့ သူတို့က ဆိုပါတယ်။
 
အခုလို ဆန်စပါးဈေး ထပ်မံမြင့်တက်လာတာဟာ နွေစပါး စိုက်ပျိုးဖို့အတွက် လိုအပ်တဲ့ စက်သုံးဆီ အလုံအလောက်မရဘဲ မှောင်ခိုဈေးမှာနှစ်ဆ တက်နေတာ၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဈေး၊ စိုက်ပျိုးရိတ်သိမ်းခ၊ လုပ်သားခ နဲ့ တခြားစားသောက်ကုန် လူသုံးကုန်ပစ္စည်း ဈေးနှုန်းတွေ သုံးဆ နဲ့အထက် ဈေးတက်လာတာတွေကြောင့် ဖြစ်တယ်လို့ ဆန်စပါး စိုက်ပျိုးထုတ် လုပ်တဲ့ လုပ်ငန်းရှင်တချို့က ပြောကြပါတယ်။
 
ဧရာဝတီတိုင်း အတွင်းမှာတော့ မေလမှာ စစိုက်တဲ့ မိုးစပါး၊‌ အောက်တိုဘာ လကုန်မှာ စစိုက်တဲ့ ရေကျနောက် စိုက်စပါး နဲ့ ဇန်နဝါရီ လကုန်မှာ စစိုက်တဲ့ နွေစပါး ဆိုကာ သုံး ကြိမ် စိုက်လေ့ ရှိပြီး တတိုင်းလုံး စိုက်ပျိုး ဧက သုံး ဒသမ ရှစ် သန်း ကျော်ရှိပါတယ်။
 
မိုးစပါးကိုတော့ ရေကြီးရေလျှံ ဖြစ်မှုနည်းပါး တဲ့ ပုသိမ်၊ ကျောင်းကုန်း မြောင်းမြ ကန်ကြီးထောင့်၊ ဖျာပုံ စတဲ့ ဒေသမျိုးတွေမှာ စိုက်ပျိုးကာ ရေကျနောက် စပါးကို သာပေါင်း ပန်းတနော် မအူပင် ဝါးခယ်မ စတဲ့ ဒေသတွေက ရေမြုပ်ကွင်းတွေ ရေကျသွားချိန်မှာ စိုက်ကြပြီး နွေစပါးကိုတော့ နွေအခါ ပင်လယ်ရေငန် မဝင်တော့ဘဲ မြစ်ရေတင်လို့ လွယ်ကူတဲ့ ဒေသတွေမှာ စိုက်ကြပါတယ်။
 
ဓာတ်ပုံ – CJ