စားဝတ်နေရေးနဲ့ ဘဝနေထိုင်မှု တိုးတက်အောင် အားစိုက်ကြိုးပမ်းကြဖို့ ကင်ဂျုံအမ်တိုက်တွန်း 

၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က လက်ရှိတိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအပြင် စားဝတ်နေရေးနဲ့ နေထိုင်မှုအခြေအနေတွေတိုးတက်အောင် ပြည်သူတွေအနေနဲ့ အားစိုက်ကြိုးပမ်းပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ကင်ဂျုံအမ်ဟာ ဒီပြောဆိုမှုကို မနေ့က ပြည့်မြောက်တဲ့ ၇၆ နှစ်မြောက် အာဏာရအလုပ်သမားပါတီ နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ခေါင်းဆောင်ကင်ဂျုံအမ်ဟာ အမျိုးသားစီးပွားရေး ရည်မှန်းချက်အတွက် ငါးနှစ်စီမံကိန်းသတ်မှတ်ထားပြီး ဒီငါးနှစ်အတွင်းမှာ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ အဝတ်အစားနဲ့ အိမ်ရာပြဿနာတွေကို ဖြေရှင်းသွားမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာ KCNA က ဖော်ပြပါတယ်။

ဒီစီမံကိန်းမှာ ပြည်သူတွေဟာလည်း  အားသွန်ခွန်စိုက်ပါဝင်ကြပြီး ကြုံတွေနေရတဲ့ အခြေအနေဆိုးတွေကို အတူဖြေရှင်းနိုင်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ၊ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုတွေ၊ ကိုဗစ်ကာလအတွင်း ခေါင်းဆောင်ကင်ဂျုံအမ်ရဲ့ စီမံခန့်ခွဲမှုအမှားတွေအပြင် နျူကလီးယားလက်နက် ထုတ်လုပ်ရေးတွေမှာသာ အားစိုက်ခဲ့တဲ့ အခြေအနေတွေကြောင့် နိုင်ငံရဲ့ စီးပွားရေးဟာ ဆုတ်ယုတ်သထက် ဆုတ်ယုတ်ခဲ့ရတာဖြစ်ပါတယ်။ 

အစဉ်အဆက် အာဏာရအလုပ်သမားပါတီ နှစ်ပတ်လည်နေ့ရောက်တိုင်း ခမ်းခမ်းနားနားကျင်းပနိုင်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ဒီနှစ်မှာ‌တော့ နှစ်ပတ်လည်နေ့ကို တိတ်တဆိတ်သာ ကျင်းပနိုင်ခဲ့တာပါ။