မအူပင်မှာ ဗုံး နှစ်လုံးပေါက်ကွဲပြီး သုံးဦးဒဏ်ရာရ

၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။

မအူပင်မြို့မှာ အောက်တိုဘာလ ၁၁ရက်နေ့ မနက်ပိုင်းက ဗုံး ၂လုံးပေါက်ကွဲခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၈နာရီခန့်မှာ မြို့သစ် (၇)လမ်းမှာရှိတဲ့ စစ်အုပ်စုနဲ့ အပေါင်းအပါတွေ ထိုင်နေကျဆိုင်ဖြစ်တဲ့ အရက်ဆိုင်ရှေ့က မော်တော်ယာဉ်တစ်စင်းအောက်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတွေ မရှိဘူးလို့ သိရပါတယ်။

နေ့လည် ၁၁နာရီခန့်မှာတော့ ကမ်းနားလမ်း အလက(၁) ကျောင်းအနီးမှာ စစ်အုပ်စုက မော်တော်ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ပိုက်ဆံရှာဒဏ်ရိုက်နေတဲ့ အဖွဲ့အနီးမှာ တစ်ကြိမ်ပေါက်ကွဲခဲ့တာပါ။

“ဆိုင်ကယ်တွေကို ဖမ်းနေတဲ့အဖွဲ့နားမှာ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စင်းထဲကနေ ပေါက်ကွဲတာ အနားမှာရှိတဲ့ ၂ယောက်ထိသွားတယ်၊ တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မအူပင်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက ဖိနပ်မစီးရင် ဒဏ်ငွေ ၃ထောင်၊ ဆိုင်ကယ်ဘက်မှန် မတပ် ပစ္စည်းမပြည့်စုံရင် ဒဏ်ငွေ ၃သိန်း၊ စက်ဘီးဘဲလ် မတပ်ရင် ဒဏ်ငွေ ၃သောင်းနဲ့ မတရားဖမ်းဆီး ငွေရှာမှုတွေ လုပ်ဆောင်နေချိန်မှာ အခုလို ပေါက်ကွဲတွေ ဖြစ်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။