မလှိုင်မြို့နယ်အုပ်ချုပ်ရေးကောင်စီရုံးအဖွဲ့ သေနတ်နဲ့အပစ်ခံရပြီး တစ်ဦးသေ

၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။

မလှိုင်မြို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှာ မုန့်ဟင်းခါးစားနေတဲ့ စစ်အုပ်စုရဲ့ မြို့နယ်အုပ်ချုပ်ရေးကောင်စီ ရုံးအဖွဲ့ကို အမည်မသိသေနတ်သမားနှစ်ဦး သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၁ရက်နေ့ မနက် ၈နာရီခန့်မှာ ရုံးရှေ့ မုန့်ဟင်းခါးဆိုင်မှာ မုန့်ထိုင်စားနေတဲ့ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ငြိမ်းနဲ့ ရုံးအဖွဲ့မှူး ၂ဦးကို အမည်မသိသေနတ်သမားနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဦးကျော်ငြိမ်းဟာ နေရာမှာတင် သေဆုံးခဲ့ပြီး ရုံးအဖွဲ့မှူး ၂ဦးက ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။

 “ဆိုင်ကယ်၂စီး လူ၆ယောက်လာပြီးတော့ နှစ်ယောက် သေနတ်နဲ့ ဝင်ပစ်သွားတာ၊ ဦးကျော်ငြိမ်းက မြို့မှာ နာမည်ကြီးဒလန်ကြီး သူ့ကိုတစ်ခါလဲ လာပစ်ဖူးတယ်၊ အခုမှသေတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စစ်အုပ်စုက မြို့အဝင်အထွက်အားလုံးကို တင်းကြပ်ထားပြီး မြို့အနှံ့စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။