ဆန္ဒပြလယ်သမားတွေကို ကားနဲ့ တိုက်သတ်တဲ့အမှုမှာ အိန္ဒိယအငယ်တန်းဝန်ကြီးတစ်ဦးရဲ့သားဖြစ်သူ ပါဝင်

၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မှာ ဆန္ဒပြနေတဲ့ လယ်သမားတွေကို ကားနဲ့ဝင်တိုက်လို့ လူကိုးဦးသေဆုံးခဲ့တဲ့အမှုမှာ အိန္ဒိယအငယ်တန်းဝန်ကြီးတစ်ဦးရဲ့ သားဖြစ်သူပါဝင်ခဲ့တယ်လို့ Aljazeera သတင်းဌာနက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ အစောပိုင်းအပတ်၊ ပြည်နယ်ဝန်ကြီးရဲ့ ခရီးစဉ်တစ်ခုမှာ လယ်ယာစိုက်ပျိုးရေး ဥပဒေသစ်နဲ့ ပတ်သက်လို့ ဒေသခံလယ်သမားတွေဟာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြလူအုပ်ထဲကို SUV အမျိုးအစား ကားနှစ်စီးက ဝင်တိုက်ခဲ့တာပါ။

ကနဦးသတင်းတွေမှာတော့ ကားတိုက်မှုဖြစ်ရပ်အတွက် ရှင်းရှင်းလင်းလင်း မသိရှိခဲ့ပေမယ့် အခုအခါမှာ ကားနဲ့ တိုက်သတ်တဲ့ လူအုပ်စုမှာ မိုဒီအစိုးရခန့်အပ်ထားတဲ့ အငယ်တန်းဝန်ကြီးတစ်ဦးရဲ့ သားဖြစ်သူပါဝင်နေခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ အငယ်တန်းဝန်ကြီး အာဂျေးမစ်ရှ်ရာရဲ့ သားဖြစ်သူကို ဖမ်းဆီးလိုက်ပြီလို့ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ရဲအရာရှိ အူပန်ဒရာအဂ္ဂဝယ်က ပြောပါတယ်။

ဝန်ကြီးဖြစ်သူကတော့ အစောပိုင်းမှာ သူ့ရဲ့ သားဖြစ်သူ မပါဝင်ဘူးလို့ ငြင်းဆန်ထားပေမယ့် စစ်ဆေးမေးမြန်းမှုတွေအရ ကားနဲ့ တိုက်ခဲ့တဲ့အချိန်မှာ ကားအတွင်း သားဖြစ်သူ ရှိမနေဘူးဆိုတဲ့ ငြင်းဆန်မှုဟာ ယုတ်တိမတန်ဘဲ ရှိခဲ့တာပါ။

အဲ့ဒီဖြစ်ရပ်မှာ လယ်သမားတွေဘက်က ခဲတွေ၊ တုတ်တွေအပြင် ဓားရှည်တွေနဲ့ ပြန်လည် ခုခံတိုက်ခိုက်ခဲ့တာကြောင့် ကားမောင်းသမားတစ်ဦးနဲ့ ဝန်ကြီးရဲ့ BJP ပါတီအဖွဲ့ဝင်သုံးဦးလည်း သေဆုံးခဲ့ရပါတယ်။

ဒါကြောင့် လက်ရှိမှာ BJP ပါတီ ဘက်ကလည်း လယ်သမားတွေကို တန်ပြန်တရားစွဲဆိုတာတွေ ပြုလုပ်ထားပါတယ်။