ထီးလင်း PDFက ပျူစောထီးအဖွဲ့ကို ဝင်တိုက်ပြီး တူးမီးတွေ ပြန်သိမ်း

၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။

ထီးလင်းမြို့ ဇီးတောကျေးရွာအသွား လမ်းခုလပ်မှာ ဆိုင်ကယ်တွေနဲ့ တူးမီးတွေသယ်လာတဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ပျူစောထီးအဖွဲ့ကို ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး သိမ်းဆည်းခံ တူးမီးတွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၀ရက်နေ့ မနက်ပိုင်းမှာ ဆိုင်ကယ် ၃စီးနဲ့ လက်နက်တွေသယ်လာတဲ့ ပျူစောထီးအဖွဲ့ကို ထီးလင်း PDFက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထီးလင်း PDFတွေထံက စစ်အုပ်စုက သိမ်းဆည်းသွားတဲ့ တူးမီးသေနတ်တွေကို ပြန်လည်ရယူနိုင်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ ပျူစောထီးတစ်ဦး သေဆုံးခဲ့ပြီး ထီးလင်း PDFဘက်ကတော့ အကျအဆုံးမရှိဘူးလို့ သိရပါတယ်။

“ထီးလင်း PDFစခန်းတစ်ခုကို စစ်တပ်က ဝင်စီးတုန်းက သိမ်းသွားတဲ့ တူးမီးတွေကို ရဲစခန်းမှာထားတာကနေ စစ်တပ်က ဇီးတောက ပျူစောထီးအဖွဲ့ကို ခေါ်ပြီးတော့ ထုတ်ပေးလိုက်တာကို PDFက သတင်းရသွားပြီး လမ်းမှာကြားဖြတ်တိုက်သွားတာ၊ ပျူစောထီး ၃ယောက်က ထွက်ပြေးသွားတယ်၊ PDFတွေက လက်နက်တွေနဲ့ ဆိုင်ကယ်သုံးစီးရလိုက်တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။