အိန္ဒိယက မီဇိုရမ်ပြည်နယ်မှာ ကျောင်းတက်နေတဲ့ မြန်မာကလေး ၆၂၀၀ ဝန်းကျင်ရှိနေ 

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွေက ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာတဲ့ ကလေးငယ် ၆၂၀၀ လောက်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ဒေသမှာ ကျောင်းတက်ခွင့် ရနေကြောင်း သိရပါတယ်။

အိန္ဒိယ အရှေ့ဖျားက မီဇိုရမ် ဒေသဟာ ချင်းပြည်နယ်နဲ့ နီးနီးကပ်ကပ် တည်ရှိနေပါတယ်။ ချင်းပြည်နယ်မှာလည်း မီဇို ဘာသာစကားကို ပြောဆိုလေ့ ရှိကြပါတယ်။ မီဇိုရမ်မှာ လောလောဆယ် ကျောင်းတက်နေတဲ့ မြန်မာ ကလေးငယ် အများစုကလည်း ချင်းပြည်နယ်က လာကြတာ ဖြစ်တဲ့အတွက် ဘာသာစကား ပြဿနာ သိပ်မရှိဘူးလို့ ဆိုပါတယ်။

မီဇိုရမ်ပြည်နယ် အစိုးရ၊ ပညာရေး ဝန်ကြီးဌာနက မြန်မာ ကလေးငယ် အများစုဟာ နယ်စပ်တလျှောက်မှာ ဖွင့်လှစ်ထားတဲ့ အစိုးရကျောင်း အများစုမှာ ပညာသင်ယူနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကကျောင်းတွေမှာ တက်ရောက်သူနဲ့ ကိုယ်ပိုင် ဆရာတွေ ငှားရမ်းသင်ကြားသူ ရာဂဏန်းလောက်လည်း ရှိပါတယ်။

မီဇိုရမ် ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၅၁၀ လောက် ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပါတယ်။ အရင်ကတည်းက မီဇိုရမ်မှာ အဓိက နေထိုင်တဲ့ မီဇို မျိုးနွယ်စုတွေနဲ့ ချင်းတိုင်းရင်းသားတွေကြားမှာ ထိတွေ့ဆက်နွှယ်မှုတွေ ရှိခဲ့ပြီးသားပါ။ လက်ရှိ အချိန်မှာတော့ မြန်မာဖက်ကနေ စစ်ရှောင်ဖို့ မီဇိုရမ်ကို ရောက်ရှိနေသူ ၄၀၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

ပြည်နယ်ထဲမှာ ကျောင်းတက်နေတဲ့ မြန်မာ ကလေးငယ် အရေအတွက်ကတော့ အပြောင်းအလဲတွေ ရှိနိုင်ကြောင်း၊ ၂၀၂၁ တုန်းက နောက်ဆုံး ကောက်ယူထားတဲ့ စာရင်းအရဆိုရင် ၆၁၉၅ ဦး ရှိခဲ့ကြောင်း မီဇိုရမ်ပြည်နယ်၊ ပညာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ လက်သ်လန်ဂလီရာနာက ပြောပါတယ်။

မီဇိုရမ်က ကျောင်းတွေမှာ မြန်မာကျောင်းသားတွေကို ပညာသင်ယူခွင့် ပြုပေမယ့် တရားဝင် ဒုက္ခသည် အခွင့်အရေးတွေတော့ ပေးအပ်မထားသလို အခမဲ့ ယူနီဖောင်း၊ ဖတ်စာအုပ်၊ သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေ ဝေမျှပေးဖို့လည်း အခက်အခဲ ရှိတယ်လို့ လက်သ်လန်ဂလီရာနာက ဝန်ခံပါတယ်။ ဒါပေမဲ့ ဒေသခံ မီဇို မျိုးနွယ်စုတွေဟာ မြန်မာဖက်က လာရောက်ခိုလှုံသူတွေကို ကဏ္ဍပေါင်းစုံမှာ ပံ့ပိုး ကူညီနေတယ်လို့လည်း သူက ဆိုပါတယ်။

မကြာသေးခင်က မီဇိုရမ် တက္ကသိုလ်ဟာလည်း မြန်မာဘာသာစကားဆိုင်ရာ ဒီပလိုမာ သင်တန်းတစ်ခုကို ဖွင့်လှစ်မယ့်အကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီသင်တန်းကို မြန်မာဖက်က ချင်းအဖွဲ့အစည်း တစ်ခုနဲ့ ပူးပေါင်း စီစဉ်ခဲ့ပြီး အနာဂတ် နယ်မြေ ပြန်အေးချမ်းသွားချိန်မှာ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပိုမိုရရှိနိုင်အောင် ရည်ရွယ်ဖွင့်လှစ်မှာလို့ ကြေညာထားပါတယ်။

Ref: The Hindu