အလုပ်ထုတ်ခံအလုပ်သမားတွေကို လစာပေးထားဖို့ Adidas က မြန်မာပေါင်ချိန်စက်ရုံကို လမ်းညွှန်ထား

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံနဲ့ အဲ့ဒီစက်ရုံက အလုပ် ထုတ်လိုက်တဲ့အလုပ်သမားတွေ နှစ်ဘက်အငြင်း ပွားမှုကိုစုံစမ်းနေဆဲကြားကာလအတွင်း လစာပေးထါးဖို့ Adidasကုမ္ပဏီက စက်ရုံကိုမှာထားတယ်လို့ အဲဒီအလုပ်သမားတွေဆီကသိရပါတယ်။

 

လက်ရှိမှာ အလုပ်ထုတ်ခံထားရမှုနဲ့ပတ်သက်လို့ အလုပ်ရှင်၊အလုပ်သမားနှစ်ဘက်ဥပဒေကြောင်းနဲ့ရင်ဆိုင်နေသလို Adidasကုမ္ပဏီကလည်းစုံစမ်းစစ်ဆေးမှုလုပ်နေတဲ့အချိန်ဖြစ်တာကြောင့် နောက်ဆုံးအဆုံးဖြတ်အဖြေမထွက်မချင်းလစာပေးထားဖို့ မှာကြားထားတဲ့အကြောင်း ကုမ္ပဏီကအသိပေးထားတယ်လို့ဆိုပါတယ်။

 

“အလုပ်ထုတ်ခံရတဲ့လအတွက်လစာကိုတော့ ဘဏ်ကတ်ထဲထည့်ပေးတယ်၊ပြီးခဲ့တဲ့လအတွက်လစာတော့ရမရမသိသေးဘူး၊adidasကတော့စက်ရုံကိုလစာပေးဖို့ပြောထားတယ်ဆိုပြီးအလုပ်သမား​တွေကိုအသိပေးထားတယ်”လို့ အလုပ်ထုတ်ခံထားရတဲ့အလုပ်သမားတဦးကပြောပါတယ်။

 

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံကအလုပ်သမားတွေဟာ အောက်တိုဘာ လကုန်ပိုင်းက အနည်းဆုံးလုပ်ခတိုးပေးဖို့ စက်ရုံဧရိယာထဲမှာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

 

အဲဒီလိုဆန္ဒပြတောင်းဆိုတဲ့အထဲက ဦးဆောင်ပါဝင်တဲ့ အလုပ်သမား (၂၆)ဦးကို ခွင့်မဲ့ပျက်ကွက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အလုပ်က နေထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

 

အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေက အလုပ်ပြန်ခန့်ဖို့ဆက်လက်တောင်းဆိုနေသလို စက်ရုံရဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေအတွက် မြို့နယ်အလုပ်သမားရုံ၊ အပြည်ပြည်ဆိုင်ရာအလုပ် သမားရေးရာအဖွဲ့(ILO)နဲ့ အော်ဒါအပ်နှံတဲ့ adidas ကုမ္ပဏီတွေဆီတိုင်ကြားမှုတွေလုပ်ခဲ့တာပါ။

 

အဲဒီနောက် ဥပဒေကြောင်းနဲ့ဖြေရှင်းမှုတွေဆက်လုပ်နေပြီး adidasဘက်ကလည်း စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေကာ မကြာခင် အဖြေသိရဖို့ရှိနေတယ်လို့ အလုပ်သမားတွေကဆိုပါတယ်။

 

“လက်ရှိမှာ ကျွန်မတို့အလုပ်ပြန်ရဖို့ယုံကြည်ချက်နဲ့အခွင့်အရေး (၈၀) ရာခိုင်နှုန်းရှိတယ်”လို့ အလုပ်သမားတဦးကပြောပါတယ်။

 

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံကို ရွှေပြည်သာမြို့နယ်မှာဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမားဦးရေ (၇၀၀၀) လောက်နဲ့လည်ပတ်နေတာလို့သိရပါတယ်။