ကမ္ဘာ့ဖလားရဲ့ တန်ဖိုးကြီး ဘောလုံးဂျာစီတွေ နောက်ကွယ်က အမေ့လျော့ခံ၊ အမြတ်ထုတ်ခံ ဘဝများ 

Adidas ကုမ္ပဏီထုတ် အားကစား အဝတ်အထည်တွေကို ချုပ်လုပ်ပေးနေတဲ့ မြန်မာနိုင်ငံက အထည်ချုပ် ဝန်ထမ်းတွေရဲ့ တစ်နေ့ လုပ်ခဟာ ၃ ဒေါ်လာတောင် မပြည့်ပါဘူး။ စက်ရုံ ပိုင်ရှင်ကို လစာတိုးတောင်းမိရင် အလုပ်ပါ အထုတ်ခံရတတ်တယ်လို့ တချို့က ပြောပြပါတယ်။

ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပနေပြီး သန်းပေါင်းများစွာသော ပရိသတ်တွေက သူတို့ နှစ်သက်ရာ ဘောလုံး အသင်းတွေရဲ့ ဂျာစီတွေကို ဝယ်ယူ အားပေးကြပါတယ်။ အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းတွေအတွက် Nikeနဲ့ Adidas ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ အားကစား ဂျာစီတွေဟာ တရား​ဝင် ရောင်းချတဲ့ စျေးနှုန်းအရ ဒေါ်လာ ၉၀ နဲ့ ၁၅၀ ကြားလောက် ကျသင့်ပါတယ်။ ဘောလုံးသမားတွေက အရောင်အသွေး စုံလင်လှတဲ့ ဒီဇိုင်းသစ် ဂျာစီတွေနဲ့ တဖိတ်ဖိတ် တောက်ပနေတဲ့ ဖိနပ်တွေကို စီးနင်းထားကြပါတယ်။ အဲဒီ ဖိနပ်တွေကလည်း အနိမ့်ဆုံးစျေးက တစ်ရန်ကို ဒေါ်လာ ၂၀၀ လောက် ကျသင့်မှာပါ။

 ဒါပေမဲ့ အဲဒီလို အကောင်းစား ပစ္စည်းတွေကို ဖန်တီး ထုတ်လုပ်နေသူတွေကရော ဘယ်လို လုပ်ခလစာမျိုး ရရှိနေပါသလဲ။ 

ရန်ကုန်မြို့မှာ Adidasရဲ့ ထုတ်ကုန်တွေကို တာဝန်ယူ ထုတ်လုပ်ပေးနေတဲ့ Pou Chen Groupပိုင် စက်ရုံက အထည်ချုပ် ဝန်ထမ်း ၇၈၀၀ လောက်ကို သွားမေးရင်တော့ တစ်နေ့ကို ကျပ်ငွေ ၄၈၀၀ လို့ ဖြေကြပါလိမ့်မယ်။ ဒါဟာ အမေရိကန် ဒေါ်လာနဲ့ တွက်ချက်ရင် တစ်နေ့ကို ၂.၂၇ ဒေါ်လာသာ လုပ်ခ ရရှိနေတဲ့ အဓိပ္ပါယ်ပါပဲ။ 

မြန်မာနိုင်ငံမှာ ရှိနေတဲ့ အဲဒီစက်ရုံက အခြေအနေတွေဟာ အာရှတောင်ပိုင်း ဒေသတွင်းက အထည်ချုပ်လုပ်သား သန်းပေါင်း ၄၀ လောက်ရဲ့ ရှေ့ဆက် ရုန်းကန်နေရဆဲ အခြေအနေတွေကို ထင်ဟပ် မြင်သာစေပါတယ်။ သူတို့ဟာ ညံ့ဖျင်းတဲ့ အလုပ်ခွင် ပတ်ဝန်းကျင်၊ နည်းပါးတဲ့ လုပ်ခလစာလို ပြဿနာမျိုးတွေနဲ့ ကာလရှည်ကြာ နပန်းလုံးခဲ့ရတဲ့အပြင် ကပ်ရောဂါ ကာလမှာလည်း တစ်ပူပေါ် နှစ်ပူဆင့်စရာတွေ ကြုံခဲ့ပါသေးတယ်။ အခုတော့ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အားကစား ပြိုင်ပွဲကြီး တစ်ခု စတင်နေပါပြီ။ ဒီအတောအတွင်း တချို့ အထည်ချုပ် ဝန်ထမ်းတွေက သူတို့ရဲ့ လုပ်ငန်းခွင် အခြေအနေတွေ ပိုတိုးတက် ကောင်းမွန်လာအောင် အားထုတ် ကြိုးပမ်းခဲ့ကြပေမယ့် ကြမ်းကြုတ်တဲ့ တုံ့ပြန်မှုတွေ၊ ပြစ်ဒဏ်တွေနဲ့သာ ကြုံနေရပါတယ်။ 

အောက်တိုဘာလမှာ စက်ရုံ ဝန်ထမ်းတွေက သူတို့ရဲ့ လုပ်ခလစာကို တစ်နေ့ ၃.၇၈ ဒေါ်လာလောက်ထိ တိုးမြှင်ပေးဖို့ စတင် ဆန္ဒပြခဲ့တဲ့နောက် စက်ရုံ မန်နေဂျာတွေက စစ်သားတွေကို စက်ရုံဝင်းထဲ ခေါ်လာခဲ့ပါတယ်။ နောက်တော့ စက်ရုံ ​ဝန်ထမ်း ၂၆ ယောက်ကို အလုပ်ထုတ်ပစ်လိုက်တယ်။ အဲဒီထဲမှာ ဝန်ထမ်းပေါင်း ၂၀၀၀ ကျော်လောက် စုပေါင်း ဆန္ဒပြမှုကို ဦးဆောင်ခဲ့တယ်လို့ ယုံကြည်ရတဲ့ စက်ရုံ သမဂ္ဂ အဖွဲ့ဝင် ၁၆ ဦးလည်း ပါဝင်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က ဒီမိုကရေစီ ဆောက်တည်မှုတွေကို တစ်စစီ ဖြိုချနေတာကို စက်ရုံဖက်က အခွင့်ကောင်းယူပြီး လုပ်သားရေးရာ အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်တဲ့ ဝန်ထမ်းတွေကို ပြစ်ဒဏ်ခတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ စက်ရုံဝန်ထမ်း တချို့က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြုလုပ်တဲ့ အင်တာဗျူး တစ်ခုမှာ မှတ်ချက်ပေးခဲ့ကြပါတယ်။ 

တစ်ချိန်တည်းမှာပဲ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာမှုနဲ့ ပြည်တွင်းငွေကြေး တန်ဖိုး ကျဆင်းမှုတွေကြောင့် မြန်မာ ပြည်သူတွေရဲ့ နိစ္စဓူဝ လူနေမှု ဘဝတွေမှာ ဖိစီးမှုတွေ ပိုကြီးမားလာပါတယ်။ မနှစ်က စစ်တပ် အာဏာသိမ်းခဲ့တဲ့ ကာလနောက်ပိုင်း အမေရိကန် ဒေါ်လာနဲ့ ယှဉ်ရင် ကျပ်ငွေ တန်ဖိုးဟာ ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားပါတယ်။ စားသောက်ကုန်၊ သယ်ယူပို့ဆောင်ရေးနဲ့ အိမ်သုံး စရိတ်တွေဟာ တဟုန်ထိုး မြင့်တက်လာတယ်။ ကျန်းမာရေး မကောင်းတဲ့ အထည်ချုပ် ဝန်ထမ်း အမျိုးသမီး တစ်ဦးကဆိုရင် သူဟာ လုပ်ဖော်ကိုင်ဖက် တချို့က အစားအသောက် တချို့ ယူဆောင်လာ မပေးခင် ၃ ရက်ကြာအောင် စားစရာ မရှိဘဲ ငတ်ပြတ်နေခဲ့ဖူးတယ်လို့ ပြောပါတယ်။ 

နောက်ထပ် အသက် ၂၂ နှစ်အရွယ် အထည်ချုပ် အလုပ်သမလေး တစ်ယောက်ကတော့ သူ့အလုပ်ကလေး ပြန်ရဖို့ မျှော်လင့်နေဆဲပါ။ သူက အလုပ်ရှင်တွေ အငြှိုးတကြီး ကလဲ့စား ချေလာမှာကို စိုးရိမ်လို့ နာမည်ကိုတောင် ထုတ်မပြောရဲရှာပါဘူး။ “အိမ်ငှားခတွေနဲ့ အိမ်ကို ငွေပြန်ပို့ဖို့​ ကိစ္စတွေအတွက် အရမ်း စိတ်ပူမိတယ်။ ကျွန်မတို့ ပိုက်ဆံ ပြန်မပို့နိုင်ရင် သူတို့ ရပ်တည်လို့ မရဘူးလေ”လို့ သူက ပြောပြတယ်။ “တကယ်တော့ အခြေအနေတွေက အရင်ကတည်းက အရမ်း ခက်ခဲခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့ လုပ်ခ တိုးတောင်းရတာပါ။ အခုတော့ အလုပ်လည်း မရှိတော့ဘူး။ ပိုပြီး ကျပ်တည်းလာတာပေါ့။ ကျွန်မမှာ စားစရာတောင် မရှိဘူး”လို့ သူက ညည်းရှာပါတယ်။ 

Pou Chen Groupရဲ့ ဟောင်ကောင် အခြေစိုက် ဌာနချုပ်ကတော့ သူတို့ ကုမ္ပဏီဟာ ဝန်ထမ်းတွေရဲ့ လုပ်ခလစာနဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေ စည်းမျဉ်းတွေနဲ့အညီ ကိုင်တွယ်ကြောင်း၊ ဝန်ထမ်းတွေရဲ့ စုပေါင်း ညှိနှိုင်းပိုင်ခွင့်ကိုလည်း လေးစားကြောင်း အီးမေးလ် ထုတ်ပြန်ချက် တစ်ခုမှာ ရေးသားထားပါတယ်။ 

“တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံရဲ့ ဥပဒေရေးရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကုမ္ပဏီက စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်”လို့ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေ အရေးနဲ့ ပတ်သက်လို့ အီးမေးလ်ထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ 

Adidasကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။ “Adidas အနေနဲ့ အခုလို အလုပ် ထုတ်ပယ်မှုတွေကို အပြင်းအထန် ကန့်ကွက်ပါတယ်။ ဒီလုပ်ရပ်ဟာ Adidasရဲ့ အလုပ်ခွင် စံသတ်မှတ်ချက်တွေနဲ့ လုပ်သားတွေရဲ့ လွတ်လပ်စွာ စုဝေးပိုင်ခွင့်တွေအပေါ် အကြီးအကျယ် ချိုးဖောက်ရာ ရောက်နေပါတယ်”လို့ ကုမ္ပဏီဖက်က ဆိုတယ်။ “ကုန်စည် ပေးသွင်းတဲ့ ကုမ္ပဏီရဲ့ လုပ်ဆောင်မှုတွေဟာ တရားဥပဒေနဲ့ ညီညွတ်ခဲ့သလား ဆိုတာကို Adidasက စုံစမ်း စစ်ဆေးနေပါတယ်။ ပြီးတော့ အလုပ်ဖြုတ်ခဲ့တဲ့ ဝန်ထမ်းတွေကို ချက်ချင်း ပြန်ခန့်အပ်ပေးဖို့ Pou Chen Groupကို တောင်းဆိုပါတယ်”လို့လည်း Adidasရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါရှိပါတယ်။ 

အနောက်နိုင်ငံကြီးတွေက ဖက်ရှင်နဲ့ အားကစား အမှတ်တံဆိပ် အများစုဟာ ကိုယ်ပိုင် ကုန်ထုတ် စက်ရုံတွေ မရှိကြပါဘူး။ အဲဒီအစား ကုန်စည် ပေးသွင်းနိုင်သူတွေ၊ လွတ်လပ်စွာ လုပ်ငန်း လည်ပတ်နိုင်တဲ့ စက်ရုံတွေနဲ့ စာချုပ်ပြီး သူတို့ရဲ့ အဝတ်အထည်နဲ့ ထုတ်ကုန်တွေကို ဖန်တီး ချုပ်လုပ်စေတယ်။ တစ်နည်းအားဖြင့် အဲဒီလို ဖက်ရှင်နဲ့ အားကစား ပစ္စည်း လုပ်ငန်းစုကြီးတွေကို အထည်ချုပ် လုပ်သားတွေရဲ့ အလုပ်ရှင်လို့ မသတ်မှတ်နိုင်ပါဘူး။ ဒီတော့ အခုကိစ္စမျိုးမှာ လူ့အခွင့်အရေးနဲ့ အလုပ်ခွင်ဆိုင်ရာ စံသတ်မှတ်ချက်တွေကို လေးစား လိုက်နာရေးအတွက် အဲဒီ ကုမ္ပဏီကြီးတွေမှာ ဥပဒေကြောင်းအရ ဘာတာဝန်မှ မရှိဘူးလို့ ဆိုနိုင်ပါတယ်။ 

H&M၊ Adidasနဲ့ Nikeတို့လို လုပ်ငန်းကြီးတွေဟာ နောက်ပိုင်းမှာတော့ သူတို့ရဲ့ ထုတ်ကုန် ကွင်းဆက်နဲ့ ပတ်သက်တဲ့ စက်ရုံတွေကိုတော့ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိအောင် အချက်အလက်တွေ ထုတ်ပြန်လာခဲ့ပါတယ်။ Adidasဆိုရင် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် သူတို့ရဲ့ ထုတ်ကုန်တွေကို တင်သွင်းပေးတဲ့ လုပ်ငန်းတွေ စာရင်းကိုတောင် သီးသန့် ဖော်ပြခဲ့ပါတယ်။ Nikeက အမေရိကန်၊ အင်္ဂလန်နဲ့ ဘရာဇီးတို့ အပါအဝင် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းပေါင်း ၁၃ သင်းရဲ့ ဂျာစီတွေကို တာဝန်ယူ ထုတ်လုပ်ပေးပေမယ့် ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ထုတ်ကုန် တင်သွင်းတဲ့ လုပ်ငန်းတွေ စာရင်းကို Adidasလိုမျိုးတော့ သီးခြား ထုတ်ပြန်တာမျိုး မရှိပါဘူး။ ဒီတော့ အဲဒီ အချက်အလက်တွေကို နောက်ကြောင်းပြန် စိစစ်ကြည့်ဖို့ ပိုခက်ပါတယ်။ 

ထုတ်ကုန်တွေ တာဝန်ယူ တင်သွင်းပေးတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု ရှိလာတယ် ဆိုတာက ဖက်ရှင် လုပ်ငန်း ထုတ်ကုန် ကွင်းဆက်တွေအပေါ် တာဝန်ခံမယ့် အာမခံချက်မျိုး ပေးလိုက်တယ်လို့တော့ အဓိပ္ပါယ် ကောက်ယူလို့ မရပါဘူး။ နောက်ကွယ်မှာတော့ အလုပ်သမား အခွင့်အရေး တောင်းဆိုတဲ့ သမဂ္ဂတွေကို ဖိနှိပ်တာ၊ ကန့်သတ်တာတွေက နိုင်ငံအလိုက် ကြုံတွေ့နေရဆဲပါ။ 

ကမ္ဘောဒီးယားက ဝန်ထမ်းပေါင်း ၂၈၀၀ လောက်ရှိတဲ့ Trax Apparel စက်ရုံဟာ ကမ္ဘာကျော် မန်ချက်စတာ ယူနိုက်တက် ဘောလုံး အသင်းရဲ့ ဂျာစီတွေ အပါအဝင် Adidas ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို တာဝန်ယူ ချုပ်လုပ်ပေးနေခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ်တုန်းက ပိုမို ကောင်းမွန်တဲ့ လုပ်ငန်းခွင် အခြေအနေတွေကို တောင်းဆိုဖို့အတွက် သမဂ္ဂ ဖွဲ့ခဲ့တဲ့အတွက် ဝန်ထမ်း ၈ ဦးကို အညှာအတာမရှိ ထုတ်ပယ်ခဲ့ဖူးပါတယ်။ နောက်တော့ အဲဒီ စက်ရုံက ထုတ်ပယ်ထားတဲ့ ဝန်ထမ်းတွေထဲက ၄ ဦးကိုသာ အလုပ်ပြန်ခန့်နိုင်မယ်လို့ ပြောပါတယ်။ ဒါတောင်မှ ပြန်ခန့်တဲ့ သမဂ္ဂ အဖွဲ့ဝင်တွေက တခြား ထုတ်ပယ်ခံရသူတွေအတွက် တိုက်ပွဲဝင် တောင်းဆိုတာမျိုး၊ ထုတ်ပယ်ခံ ကာလက လစာတွေကို အပြည့်အဝ ပြန်တောင်းခံတာမျိုး မလုပ်ရဘူးဆိုတဲ့ ခြွင်းချက်မျိုး သတ်မှတ်ထားပါသေးတယ်။ တခြား ရွေးချယ်စရာလည်း မရှိတော့တဲ့အတွက် ဝန်ထမ်းတွေက အလျှော့ပေး သဘောတူပြီး သူတို့ တောင်းဆိုချင်တဲ့ အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံး ခံခဲ့ရပါတယ်။ 

“နေ့တိုင်းပဲ သူတို့ဆီက ဖုန်းဆက်လာနိုး လာနိုးနဲ့ ကျွန်မ စောင့်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက ဘယ်တော့မှ ဖြစ်မလာတော့ဘူးလေ”လို့ စက်ရုံမှာ တစ်နေ့ ၇ ဒေါ်လာလောက် လုပ်ခလစာနဲ့ စက်ချုပ်ခဲ့ရတဲ့ အသက် ၄၁ နှစ်အရွယ် ဆိုဖယ်လ် ချွမ်က ပြောပါတယ်။ “နောက်ထပ် အလုပ်သစ်ရှာဖို့ တစ်နှစ်ခွဲလောက် ကြာခဲ့တယ်။ အဲဒီ အတောအတွင်း ကျွန်မရဲ့ ကလေးနှစ်ယောက်ကို ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြဖို့ မောင်နှမတွေဆီ အောက်ကျို့ပြီး အကူအညီ တောင်းခဲ့ရတယ်။ အတိုးနှုန်း အရမ်းများတဲ့ဆီကနေ အကြွေးတွေ ယူခဲ့ရတယ်။ အခုအချိန်ထိ အဲဒီအကြွေးကို ပြန်ဆပ်ဖို့ ကျွန်မ ရုန်းကန်နေရတုန်းပဲ”လို့ သူက ပြောတယ်။ 

သူက ဆက်ပြီး “ကျွန်မက သမဂ္ဂတွေ ရှိသင့်တယ်လို့ ယုံကြည်တယ်။ ကျွန်မတို့အတွက် အကာအကွယ်ပေးမယ့် အဖွဲ့အစည်းမျိုး လိုအပ်တယ်လေ။ အခုတော့ ကျွန်မ နေ့တိုင်းလိုလို မျက်ရည်စက်လက် ဖြစ်နေရပါတယ်”လို့လည်း ဖွင့်ဟခဲ့ပါတယ်။ 

ထိုင်းနိုင်ငံသားပိုင် Trax Apparel ကုမ္ပဏီကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆက်သွယ် မေးမြန်းမှုတွေအပေါ် ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ 

အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း မီးမောင်းထိုး အာရုံစိုက်ခံလာရတဲ့ အရေးကြီး ကိစ္စတွေထဲမှာ အထည်ချုပ် ဝန်ထမ်းတွေရဲ့ ကျပ်တည်း နစ်နာမှုတွေလည်း ပါဝင်လာပါတယ်။ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ကာတာနိုင်ငံ ဆိုရင်လည်း လိင်တူစုံမက်မှုအပေါ် အာဏာပိုင်တွေက ရာဇဝတ်မှုလိုမျိုး တံဆိပ်ကပ်တာတွေ၊ ရွှေ့ပြောင်း လုပ်သားတွေအပေါ် ဖိနှိပ် ခေါင်းပုံဖြတ်မှုတွေအကြောင်း မှတ်တမ်းမှတ်ရာ စုံစုံလင်လင်နဲ့ ဖော်ထုတ်မှုတွေကြောင့် အတော်ကြီး ဖိအားတွေ ကြုံခဲ့ရပါတယ်။ 

အင်္ဂလန်နဲ့ ဂျာမနီတို့ အပါအဝင် ဥရောပ ၇ နိုင်ငံက လိင်တူ စုံမက်သူ LGBTတွေ အပါအဝင် လူနည်းစု အခွင့်အရေးကို ထောက်ခံရပ်တည်ကြောင်း ပြသတဲ့ အနေနဲ့ One Loveဆိုတဲ့ စာတန်းပါ သက်တံရောင် လက်ပတ်တွေကို ကမ္ဘာ့ဖလားမှာ ဝတ်ဆင်ဖို့ စီစဉ်ခဲ့ကြတယ်။ ဒါပေမဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က အဲဒီလို လက်ပတ်မျိုးတွေဟာ ပြိုင်ပွဲရဲ့ ယူနီဖောင်း ဝတ်ဆင်မှုဆိုင်ရာ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရာ ရောက်နေပြီး ဝတ်ဆင်တဲ့ ဘယ်သူမဆို အဝါကတ်ပြသ အရေးယူ ခံရမယ်လို့ သတိပေးခဲ့တာကြောင့် အဲဒီနိုင်ငံတွေက သူတို့ရဲ့ အစီအစဉ်ကို စွန့်လွှတ်ခဲ့ရပါတယ်။ ဒီကိစ္စမှာ သတိပေးမှုအပြင် စည်းကမ်းပိုင်းအရ ပွဲပယ်ခံရတဲ့ထိ ပြဿနာ ကြီးသွားနိုင်တာကြောင့်ပါ။ 

ဒါပေမဲ့ ဂျာမနီ လက်ရွေးစင် ဘောလုံးအသင်းရဲ့ ကစားသမားတွေကတော့ ပွဲမစခင် အဖွဲ့လိုက် ဓာတ်ပုံ ရိုက်ကြတဲ့ အချိန်မှာ သူတို့ရဲ့ ပါးစပ်တွေကို လက်နဲ့ အုပ်ထားပြီး ဖီဖာရဲ့ ဆုံးဖြတ်ချက်ကို ဆန္ဒပြ တုံ့ပြန်ခဲ့ပါတယ်။ 

နောက်ပြီး Hummel ကုမ္ပဏီကလည်း ကာတာ အစိုးရကို ဆန္ဒပြတဲ့ အနေနဲ့ စပွန်ဆာ အမှတ်တံဆိပ် ထည့်မထားတဲ့ အရောင် တစ်မျိုးတည်းနဲ့ Monochrome ဂျာစီတွေကိုလည်း ဒိန်းမတ် လက်ရွေးစင် အသင်းအတွက် ဒီဇိုင်းထုတ် ဖန်တီးပေးခဲ့ပြန်ပါတယ်။ 

ဒီလို ဆန္ဒပြမှုတွေကို ထောက်ခံ အားပေးကြသူ တချို့ကတော့ ကမ္ဘာ့ဖလားအတွက် ဂျာစီတွေ ချုပ်လုပ်ပေးနေရတဲ့ နောက်ကွယ်က အထည်ချုပ် ဝန်ထမ်းတွေ အတွက်ပါ အသိအမှတ်ပြု စဉ်းစားပေးသင့်တယ်လို့ ထောက်ပြလာကြပါတယ်။ 

“ကာတာက ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ နစ်နာမှုတွေနဲ့ ပတ်သက်လို့ ထင်သာ မြင်သာ သတင်း ဖော်ပြမှုတွေ ရှိလာတာက မှန်ကန်တဲ့ အခြေအနေလို့ ဆိုနိုင်ပေမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂျာစီတွေ ချုပ်လုပ်ပေးနေတဲ့ အထည်ချုပ် ဝန်ထမ်းတွေရဲ့ အခွင့်အရေးတွေအပေါ် အပြင်းအထန် ချိုးဖောက်မှုတွေ ရှိနေတာကို အာရုံစိုက်ဖို့တော့ ပျက်ကွက်နေတုန်းပဲ”လို့ အကျိုးအမြတ်ကို ရှေ့တန်း မတင်တဲ့ နိုင်ငံတကာ အလုပ်သမား အခွင့်အရေး လှုပ်ရှားမှု အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Worker Rights Consortiumရဲ့ ဒါရိုက်တာ သူလ်ဆီ နာရယာနာဆာမီက ပြောပါတယ်။ “တကယ်တော့ သူတို့ အလုပ်လုပ်ရာ စက်ရုံတွေမှာ ပိုမို ကောင်းမွန်တဲ့ အခြေအနေတွေ ရရှိအောင် အလုပ်သမားတွေက စုစည်းနိုင်တဲ့ စွမ်းရည် ဆိုတာဟာ အခြေခံ လူ့အခွင့်အရေး တစ်ခုပါပဲ”လို့လည်း သူက ဆက်ပြောသွားပါတယ်။ 

(New York Times သတင်းစာတွင် ဖော်ပြထားသည့် Who Made Your World Cup Jersey? ဆောင်းပါးကို DNA က ဘာသာပြန်ဆိုသည်)