သမိုင်းတလျှောက် ပထမဆုံးအဖြစ် အာရှဇုန်က ၃ သင်း ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို တက်ရောက်လာ 

တောင်ကိုရီးယား အသင်းရဲ့ အံ့ဩစရာ အုပ်စုအပိတ်ပွဲစဉ် ရလဒ်နဲ့အတူ သမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် အာရှတိုက် ကိုယ်စားပြု ၃ သင်းထိ ရှုံးထွက်အဆင့်ကို တက်လှမ်းလာနိုင်ခဲ့တာ တွေ့ရပါတယ်။ 

အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အိမ်ရှင် ကာတာနဲ့ အာရှဇုန်က ခြေစစ်ပွဲ အောင်လာတဲ့ ၅ သင်းတို့ ပေါင်းပြီး စုစုပေါင်း အာရှ ဘောလုံး အဖွဲ့ချုပ် လက်အောက်ခံ ၆ သင်းထိ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဩစတြေးလျဟာ ပထဝီဝင် အနေအထားအရ သမုဒ္ဒရာပိုင်းဇုန်မှာ ကျရောက်နေပေမယ့် အာရှ ဘောလုံးအဖွဲ့ချုပ်ရဲ့ လက်အောက်ကနေ ခြေစစ်ပွဲ အောင်မြင်လာခဲ့တာပါ။

 အုပ်စုပွဲစဉ်အားလုံး ပြီးဆုံးသွားတဲ့ အချိန်မှာ အာရှဇုန် ကိုယ်စားပြု ဂျပန်၊ တောင်ကိုရီးယားနဲ့ ဩစတြေးလျ ၃ သင်းက ရှုံးထွက်အဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိလာပါတယ်။ ဒါဟာ ကမ္ဘာ့ဖလား သမိုင်းတလျှောက် အုပ်စုအဆင့်ကို အာရှကိုယ်စားပြု ၃ သင်းက ကျော်လွန်နိုင်တဲ့ ပထမဆုံး စံချိန် မှတ်တမ်းသစ် ဖြစ်လာပါတယ်။ 

အခု ကမ္ဘာ့ဖလားမှာ ကာတာက ၃ ပွဲစလုံးရှုံးပြီး ပြိုင်ပွဲရဲ့ သမိုင်းတလျှောက် အညံ့ဖျင်းဆုံး အိမ်ရှင်အဖြစ် အငြင်းပွားစရာမရှိ ရပ်တည်သွားခဲ့ပေမယ့် အာရှ အသင်းတွေရဲ့ စွမ်းဆောင်ရည်ဟာ ကျေနပ်စရာ တိုးတက်မှုတွေ ရှိလာတာကို မငြင်းနိုင်ပါဘူး။ အုပ်စုကနေ ထွက်ခဲ့ရတယ် ဆိုပေမယ့် ဆော်ဒီ အာရေးဘီးယားက နာမည်ကြီး အာဂျင်တီးနားကို နိုင်ခဲ့သလို အီရန်ကလည်း ဝေးလ်စ်ကို အနိုင်ယူပြခဲ့ပါတယ်။

 ဒီဇင်ဘာ ၂ ရက် ညပိုင်းက ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာလည်း တောင်ကိုရီးယားဟာ မျှော်လင့်ချက် အတော်နည်းနေတဲ့ အနေအထားကနေ အုပ်စုဗိုလ် ပေါ်တူဂီကို နောက်ဆုံး မိနစ်ပိုင်းမှာ အနိုင်ဂိုးသွင်းပြီး ၂-၁ ဆိုတဲ့ ရလဒ်နဲ့ နောက်တစ်ဆင့် တက်လှမ်းခဲ့တာပါ။ ဥရုဂွေးဟာ တောင်ကိုရီးယားနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက် တူပေမယ့် စည်းမျဉ်းတွေအရ သွင်းဂိုး ပိုနည်းတာကြောင့် ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။

 လောလောဆယ် နောက်တစ်ဆင့် တက်လာတဲ့ အာရှ ၃ သင်းထဲမှာ ဂျပန်ကတော့ အအောင်မြင်ဆုံးလို့ သတ်မှတ်နိုင်ပြီး ကမ္ဘာ့ချန်ပီယံဟောင်းတွေ ဖြစ်ကြတဲ့ စပိန်နဲ့ ဂျာမနီတို့ ပါဝင်နေတဲ့ အုပ်စုမှာ နှစ်သင်းစလုံးကို အနိုင်ကစားပြီး အုပ်စုဗိုလ် နေရာကိုပါ ရယူနိုင်ခဲ့ပါတယ်။

Delta News

Read Previous

ကမ္ဘာ့ဖလားရဲ့ တန်ဖိုးကြီး ဘောလုံးဂျာစီတွေ နောက်ကွယ်က အမေ့လျော့ခံ၊ အမြတ်ထုတ်ခံ ဘဝများ 

Read Next

ကပ်ရောဂါ စည်းမျဉ်းတွေကြောင့် တရုတ် ဖော်မြူလာဝမ်း ဂရင်းပရီပွဲစဉ် ဖျက်သိမ်းလိုက်ရ