
“ဒီရွေးတဲ့ကိစ္စကို တော်တော်များများက စိတ်မဝင်စားကြပါဘူး။ အတူတူနဲ့ အနူနူတွေ ချည်းပဲလို့ပဲ ထင်တယ်၊ ခုလည်း အဖြုတ်ခံရတဲ့သူက သူ့ကိုထောက်ခံသူတွေနဲ့ ပေါင်းပြီး အရွေးခံရသူကို တိုင်တာမျိုးပဲ။ တိုင်တဲ့ အချက်အလက်တွေကတော့ မှန်ပါတယ်။ ဒီကောင်က သူ့အိမ်မှာ ဖဲဝိုင်းထောင်တာ မြင်နေရတာပဲလေ ”
၃၊ ဇွန်လ။
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ဖန်းခါးကွင်းကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရတဲ့သူဟာ ကျေးရွာအတွင်းမှာ လောင်းကစားဝိုင်း ဒိုင်ကိုင်သူဖြစ်ပြီး ပြစ်မှုမှတ်တမ်း ရှိသူဖြစ်တာကြောင့် အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ပေးအပ်ခြင်း မပြုဖို့ ဒေသခံတွေက သက်ဆိုင်ရာအာဏာပိုင်တွေကို တိုင်ကြားထားပါတယ်။
“သူက ဟိုးအရင်က ဆူပူရမ်းကားနဲ့ ထောင်တလ ကျဖူးတယ်။ ပြီးခဲ့တဲ့ နွေတုန်းကလည်း တနွေလုံး သူ့အိမ်မှာ ဖဲဝိုင်းထောင်တာ။ ဒီလိုလူမျိုးက အုပ်ကြီးဖြစ်လာမှာကိုတော့ လက်မခံနိုင်ဘူး။ ဒါကြောင့် သူ့ပြစ်မှုတွေနဲ့ ဆိုင်တဲ့ အချက်အလက်တွေကို စုပြီး မြို့နယ်ကို တိုင်ထားတယ် ” လို့ တိုင်ကြားမှုမှာ ပါဝင် သူတဦးက DNA ကိုပြောပါတယ်။
ဖန်ခါးကွင်း အုပ်စုမှာ အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်အရွေးခံသူ ၃ ဦးရှိခဲ့ပြီး ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ရွေးချယ်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရွေးချယ်ပွဲ ပြုလုပ်မယ့် နံနက်မှာ မြို့နယ်အာဏာပိုင်တွေက ဒေသခံတွေ ထောက်ခံမှုများတဲ့ သူတဦးကို ဖြုတ်ပစ်လိုက်တာကြောင့် ယခုအုပ်ချုပ်ရေးမှူးက အရွေးခံခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဖန်းခါးကွင်းဒေသခံ တဦးကတော့ “ ဒီရွေးတဲ့ကိစ္စကို တော်တော်များများက စိတ်မဝင်စားကြပါဘူး။ အတူတူနဲ့ အနူနူတွေ ချည်းပဲလို့ပဲ ထင်တယ်၊ ခုလည်း အဖြုတ်ခံရတဲ့သူက သူ့ကိုထောက်ခံသူတွေနဲ့ ပေါင်းပြီး အရွေးခံရသူကို တိုင်တာမျိုးပဲ။ တိုင်တဲ့အချက်အလက်တွေကတော့ မှန်ပါတယ်။ ဒီကောင်က သူ့အိမ်မှာ ဖဲဝိုင်းထောင်တာ မြင်နေရတာပဲလေ ” လို့ ပြောပါတယ်။
ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ရဲ့ သက်တမ်းဟာ ၅ နှစ်ဖြစ်ပြီး သမ္မတရဲ့ သက်တမ်းနဲ့ အတူတူဖြစ်ပါတယ်။ ဒါကြောင် စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ပြီး အစိုးရဖွဲ့ပြီးချိန်မှာ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့တွေကို ပြန်လည်ဖွဲ့စည်းဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိ နိုင်ငံရေးနဲ့ စစ်ရေး အခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ ဒေသအများစုမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးလုပ်ဖို့ကို တွန့်ဆုတ်ကြပေမယ့် ဧရာဝတီတိုင်းမှာတော့ လာဘ်ပေး လာဘ်ယူမှုတွေ ပြုလုပ်ပြီး အုပ်ချုပ်ရေးမှူး ရာထူးရဖို့ ကြိုးစားကြတာတွေ ရှိနေပါတယ်။
ဧရာဝတီတိုင်းဟာ အာရက္ခတပ်တော်နဲ့ ဒေသခံ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ ရခိုင်နယ်စပ်ဒေသကလွဲရင် ဧရာဝတီတတိုင်းလုံးနီးပါး စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တဲ့ ဒေသတခုဖြစ်ပြီး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတာတွေ၊ ငွေကြေးကောက်ခံနေတာတွေ အများဆုံးဒေသလည်း ဖြစ်ပါတယ်။