ပုလဲမြို့အနီးက မြေပြန့်ရွာတွေကို စစ်နဲ့ရဲပူးပေါင်းအဖွဲ့ ၄ရက်ဆက် ခြိမ်းခြောက်လုယက်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ပုလဲမြို့နားဝန်းကျင်ကမြေပြန့်ရွာတွေကို အကြမ်းဖက်စစ်တပ်နဲ့ရဲ ပူးပေါင်းအဖွဲ့တို့ ၄ရက်ဆက်တိုက် ဝင်ရောက်ခြိမ်းခြောက် သေနတ်ပစ်ဖောက်ကာ ပစ္စည်းလုယက်နေတယ်လို့သိရပါတယ်။

အောက်တိုဘာ၄ရက်နေ့က ပုလဲမြို့နယ်၊ကြောင်သန်းရွာသို့ အကြမ်းဖက်စစ်သား၈ယောက်နဲ့ရဲ၇ယောက်တို့ လာ ရောက်ကာ သေနတ်ပစ်ဖောက်ခြိမ်းခြောက်တဲ့အတွက် ရွာသားတွေထွက်ပြေးခဲ့ကြရတယ်လို့သိရပါတယ်။

‘စစ်ခွေးတွေပြန်သွားတဲ့အချိန် ရွာသားတွေကိုယ့်အိမ်ကိုယ်ပြန်လာတော့ တချို့အိမ်တွေကို ရိုက်ဖျက်ထားတယ်။ ပစ္စည်းတွေပါသွားတဲ့အိမ်တွေလည်းရှိတယ်။တမင်ဝင်ခြိမ်းခြောက်လုယက်တာပေါ့’လို့ ပုလဲမြို့နယ်အတွင်းရှိ ဒေါင်းနက်ပြောက်ကျားတပ်က ခေါင်းဆောင်တစ်ဥ◌ီးဖြစ်သူ ကိုပေ ကပြောပါတယ်။

အောက်တိုဘာ၅ရက်နေ့မှာ အကြမ်းဖက်စစ်သား၈ယောက်နဲ့ရဲ၇ယောက်တို့ဟာ ပုလဲမြို့တောင်ဘက်ခြမ်းရှိ ကြိုးကြာဥကျေးရွာကို ဝင်ရောက်လုယက်ဖျက်ဆီးခဲ့ပြီး ၆ရက်နေ့ရောက်တော့ ပုလဲမြို့အနောက်တောင်ဘက် ၊နွယ်ရှောက်ရွာနဲ့ ကျွန်းဘိုကုန်းရွာကို ဝင်မွှေခဲ့ပါတယ်။

‘နွယ်ရှောက်ရွာမှာကျတော့ တချို့အိမ်တွေက ပိုက်ဆံ၁၅သိန်းပါသွားတာရှိတယ်။၁၀သိန်းပါသွားတဲ့အိမ်ရှိတယ်။ တချို့ကျတော့ဆိုင်ကယ်ပါသွားတယ်။နွယ်ရှောက်ရွာကအပြန်မှာ ကျွန်းဘိုကုန်းကိုဝင်တာ။ကျွန်းဘိုကုန်းမှာ ပစ္စည်းတော့မယူသွားဘူး’လို့ ကိုပေကပြောပါတယ်။

ဒီနေ့မှာတော့ ညောင်ကုန်းနဲ့ဖိုကုန်း ရွာနှစ်ရွာကို ဝင်မွှေကာ ပစ္စည်းတွေလုယက်သွားတယ်လို့သိရ ပါတယ်။

‘ဂန့်ဂေါဘက်တက်လာတဲ့စစ်ခွေးတွေကတော့ လမ်းတစ်လျှောက်ရွာတွေကို ဘာမှမလုပ်သေးဘူး။လုပ်တာတော့ လုပ်မှာပါ။’လို့ကိုပေကဆက်ပြောပါတယ်။