ဂန့်ဂေါရွာသား ၅၀ကျော်ကို  စစ်အုပ်စု ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွား

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုက မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် စိုင်ဒူးကျေးရွာက ဒေသခံ ၅၀ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ ဒေသခံပြည်သူတွေက ပြောပါတယ်။

အောက်တိုဘာလ ၇ရက်နေ့ မနက်ပိုင်းမှာ ဂန့်ဂေါမြို့ကနေ ဟားခါးဘက်ကို ထွက်လာတဲ့ စစ်အုပ်စုယာဉ်တန်းဟာ လမ်းမှာ တိုက်ခိုက်ခံရမှာ စိုးရိမ်ပြီး  ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်သွားတာပဲဖြစ်ပါတယ်။

“လျှပ်စစ်ရုံးမှာ ပန်းရံလုပ်နေတဲ့လူ ၂၀ နဲ့ တောင်ယာသွားတဲ့သူတွေ ရွာထဲကလူငယ်တွေ စုစုပေါင်း အယောက် ၅၀ ကျော် လောက်ရှိမယ်၊ ဖမ်းသွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးထားသူတွေထဲက သက်ကြီးရွယ်အိုနဲ့ တောင်ယာသွားသူအနည်းငယ်ကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး ဖမ်းဆီးထားဆဲ လူငယ် ၅၀ကျော်ကိုတ ဟားခါးလမ်းဆုံအထိ ဖမ်းခေါ်သွားမှာလို့ ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။

စစ်အုပ်စုက ဟားခါးလမ်းခွဲမှာ ယာယီစခန်းချထားပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ဂန့်ဂေါ-ကလေး ကားလမ်းတစ်လျှောက်မှာ စစ်အင်အားတိုးချဲ့မှုတွေလုပ်ဆောင်နေပါတယ်။

Source- KNG