အဲဗာတန်နဲ့ ပွဲမှာ စီရော်နယ်ဒိုကို ဦးစားပေးစာရင်းမှာ ပွဲထုတ်ခဲ့သင့်တယ်လို့ ဖာဂူဆန်ပြော 

၅၊ အောက်တိုဘာလ၊ ၂၀၂၁။

မန်ယူဂန္ထဝင်နည်းပြဟောင်း ဖာဂူဆန်က ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ပွဲစဉ်မှာ အသင်း သရေကျခဲ့တာနဲ့ ပတ်သက်လို့ အားမလိုအားမရဖြစ်နေပြီး သူ့အမြင်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဖာဂူဆန်က အဲဗာတန်နဲ့ ပွဲစဉ်မှာ နည်းပြဆိုးလ်ရှားအနေနဲ့ စီရော်နယ်ဒိုကို ဦးစားပေးစာရင်းမှာ မထည့်ဘဲ အရန်စာရင်းမှာ ထည့်ခဲ့တဲ့ အနေအထားနဲ့ ပတ်သက်ပြီး အားမရဖြစ်ခဲ့တာပါ။

စီရော်နယ်ဒိုကို ပွဲအစကတည်းက ထည့်သုံးခဲ့ရင် ရလဒ်ဟာ တမျိုးပြောင်းသွားနိုင်မယ့် အခြေအနေကို ဖာဂူဆန်က ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

ပွဲကစားချိန် ၄၃ မိနစ်မှာမန်ယူအသင်းအနေနဲ့ တိုက်စစ်မှူးမာရှယ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၆၅ မိနစ်မှာ အဲဗာတန်တောင်ပံကစားသမားတောင်းဆန်ရဲ့ ချေပဂိုးကြောင့် သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတာပါ။

စီရော်နယ်ဒိုကတော့ အဲဒီပွဲစဉ်မှာ ပွဲကစားချိန် ၅၇ မိနစ်မှာမှ ကာဗာနီအတွက် လူစားဝင် ကစားခဲ့ရတာပဲဖြစ်ပါတယ်။

ဒီပြောဆိုမှုကို ဖာဂူဆန်အနေနဲ့ MMA ဖိုက်တာဟောင်း ခါဘစ်နဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့တာဖြစ်ပြီး “အသင်းရဲ့ အကောင်းဆုံးကစားသမားတွေကို အမြဲတမ်း ဦးစားပေးပွဲထုတ်သင့်တယ်”လို့ ပြောကြားခဲ့တာပါ။

ဖာဂူဆန်ဟာ စီရော်နယ်ဒိုနဲ့ ပတ်သက်ရင် အမြဲတမ်း စောင့်ကြည့်နေတဲ့ နည်းပြဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်အထိလည်း အဖေနဲ့သား သံယောဇဉ်နီးနီးကို ရင်းနှီးမှုခိုင်မာနေခဲ့တာပါ။

မန်ယူအသင်းကို စီရော်နယ်ဒို ပြန်ရောက်လာခဲ့တဲ့ အခန်းကဏ္ဍမှာ ဖာဂူဆန်က အရေးပါတဲ့ အစိတ်အပိုင်းကနေ ပါဝင်ခဲ့ပါတယ်။

မန်ယူအသင်းဟာ အဲဗာတန်အသင်းနဲ့ သရေကျပြီးနောက် အနီးစပ်ဆုံးအဖြစ် ပရီးမီးယားလိဂ်ပွဲစဉ်ကို လက်စတာအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရမှာဖြစ်ပါတယ်။

ဒီတပတ်မှာ နိုင်ငံတကာပွဲစဉ်တွေ ကစားမှာဖြစ်တာကြောင့် လက်စတာ-မန်ယူ ပွဲစဉ်အနေနဲ့ လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့ စနေ့ည ၈ ခွဲအချိန်မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။