မက်ဆီနဲ့ စီရော်နယ်ဒိုမရှိတော့ပေမယ့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ပြိုင်ဆိုင်မှု အားကောင်းနေဆဲ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။

ရီးရဲလ်မက်ဒရစ် ဝါရင့်တိုက်စစ်မှူး ဘန်ဇီးမားက လာလီဂါမှာ မက်ဆီနဲ့ စီရော်နယ်ဒို မရှိတော့ပေမယ့် အခါးသီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် ပြိုင်ဆိုင်မှုကတော့ အားကောင်းနေဆဲလို့ဆိုပါ တယ်။

အရင်က စပိန်လာလီဂါမှာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ရဲ့ အားပြိုင်မှုတွေနဲ့အတူ အယ်ကလက်စီကိုပြိုင်ပွဲဟာ ပြင်းထန်ခဲ့ပေမယ့် ဒီကစားသမားတွေ မရှိတော့တဲ့ နောက်မှာတော့ လာလီဂါရဲ့ ပုံရိပ်ဟာ ကျဆင်းသွားခဲ့တယ်လို့ ဘောလုံးအသိုင်းအဝိုင်းက ထင်မြင်နေတာပါ။

ဒါပေမဲ့ ဒီထင်မြင်ယူဆချက်တွေကို ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီးမားက လက်မခံဘဲ မက်ဆီနဲ့ စီရော်နယ်ဒို မရှိလည်း အယ်ကလက်စီကို ပြိုင်ဆိုင်မှုက အားကောင်းနေမှာလို့ပြောပါတယ်။

တိုက်စစ်မှူး ဘန်ဇီးမားက “ကျွန်တော့်အတွက်တော့ ဒီပြိုင်ဆိုင်မှုက အရင်းအတိုင်းပါပဲ။ ဒီပွဲက ဘောလုံးလောကမှာ ရှိနေတဲ့ အကောင်းဆုံး ပွဲစဉ်တစ်ပွဲပါ”လို့ ဖွင့်ဟခဲ့တာပါ။

ဒါအပြင် တိုက်စစ်မှူး ဘန်ဇီးမားက အရင်က လာလီဂါမှာ ဇီဒန်း၊ ရော်နယ်ဒိုညို၊ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုနဲ့ အီတူးတို့လို ကစားသမားတွေ ရှိခဲ့ပြီး အခုမရှိတော့တဲ့အချိန်မှာလည်း ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် ပြိုင်ဆိုင်မှုက အားကောင်းခဲ့တာကို မီးမောင်းထိုးပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းမှာ ကစားသမားပေါင်းများစွာ အဝင်အထွက် ရှိနေပေမယ့် အယ်ကလက်စီကို ပြိုင်ဆိုင်မှုကတော့ အပြင်းထန်ဆုံးနဲ့ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ သူကပြောကြားခဲ့တာပဲဖြစ်ပါတယ်။

အခုနှစ် လာလီဂါရဲ့ ပထမဆုံး ဘာစီလိုနာ-ရီးရဲလ် အယ်ကလက်စီကို ထိပ်တိုက်တွေ့ဆုံမှုပွဲစဉ်ကိုတော့ လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။