နှစ်ပတ်တာအတွင်း KNUနဲ့ဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၂၀ကျော် သေ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။

ကရင်အမျိုးသားအစည်းအရုံး ၊KNUထိန်းချုပ်နယ်မြေအတွင်းမှာ အောက်တိုဘာလ ၁ရက်နေ့ကနေ ၁၄ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ KNLA ၊ KNDOတို့အကြား တိုက်ပွဲပေါင်း ၉၂ပွဲအထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ၁၂၆ဦးသေဆုံးကာ KNLAက ၂ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

KNUထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဒူးသထူ (သထုံ) ခရိုင် တပ်မဟာ(၁) ၊ တောင်ငူခရိုင် တပ်မဟာ (၂) ၊ မူတြော်ခရိုင် တပ်မဟာ (၅) နဲ့ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေတွေမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့တာလို့ KNUဗဟိုက အောက်တိုဘာလ ၁၆ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုက G1 အဆင့်ရှိသူ တစ်ဦး ၊ တပ်ခွဲမှူး အဆင့်ရှိသူ တစ်ဦး ၊ ဒု-ဗိုလ် အဆင့်ရှိသူ ၂ဦး နဲ့ ဗိုလ်အဆင့်ရှိသူ တစ်ဦး အပါအဝင် ၁၂၆ ဦး သေဆုံးကာ ၁၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ KNUထိန်းချုပ်နယ်မြေတွေထဲက ကျေးရွာတွေကို ဝင်ရောက်ကာ ပြည်သူတွေကိုဖမ်းဆီးပြီး ပေါ်တာဆွဲတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို လုယက်တာတွေ ကျူးလွန်နေပါတယ်။