ထိုင်ဝမ်ကို အလုံးစုံဖိအားပေးနေတာတွေ ရပ်တန့်ဖို့ တရုတ်ကို အမေရိကန်တိုက်တွန်း

၅၊ အောက်တိုဘာလ၊ ၂၀၂၁။

တရုတ်အနေနဲ့ ထိုင်ဝမ်ကို စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေးနဲ့ အကျပ်ကိုင်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်နိုင်ငံက တိုက်တွန်းခဲ့ပါတယ်။

လက်ရှိအချိန်ထိ အမေရိကန်အနေနဲ့ ထိုင်ဝမ်ဘက်က ရပ်တည်နေပြီး တရုတ်ရဲ့ ထိုင်ဝမ်အပေါ်ပြုမူ ဆက်ဆံနေပုံတွေကို အဆက်မပြတ်စောင့်ကြည့်နေပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို စွမ်းရည်မြင့်တိုက်လေယာဉ်တွေ စေလွှတ်ပြီး စစ်ရေးအရ အဆက်မပြတ် ဖိအားပေးမှုတွေပြုလုပ်ခဲ့တာကြောင့် ဒေသတွင်း မတည်ငြိမ်မှုတွေ ပိုမိုပြီးဖြစ်လာမှာကို အမေရိကန်က စိုးရိမ်နေတာပါ။

ပြီးခဲ့တဲ့ တရုတ်အမျိုးသားနေ့မှာလည်း ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်က ဂျက်လေယာဉ်အစင်း တရာနီးပါးကို စေလွှတ်ခဲ့ပါတယ်။

ဒီအခြေအနေတွေကို အမေရိကန်ဘက်က ရှုံ့ချထားပြီး ထိုင်ဝမ်ကို နည်းမျိုးစုံနဲ့ ဖိအားပေးနေတာတွေ ရပ်တန့်ဖို့ တိုက်တွန်းခဲ့တာပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် နက်ပရိုက်က “ ဘေဂျင်းအနေနဲ့ ထိုင်ဝမ်ပေါ် စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေးနဲ့ အကျပ်ကိုင်မှုတွေကို ရပ်တန့်ပေးပါ”လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်းဆိုတိုက်တွန်းခဲ့တာပဲဖြစ်ပါတယ်။