တဆယ်ရက်အတွင်း ရုရှားစစ်လေယာဉ် တဆယ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ် ကြေညာ

ဖေဖော်ဝါရီ ၊ ၂၉

၁၀ ရက်အတွင်း ရုရှား စစ်လေယာဉ် ၁၀ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ကြေညာခဲ့ပါတယ်။

 အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေဆီက စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက် အထောက်အပံ့တွေ ရရှိဖို့ ကြန့်ကြာနေတဲ့တိုင် ဝေဟင်မှာ ရန်သူ့ စစ်လေယာဉ်တွေကို တဖွဲဖွဲ ပစ်ချနေနိုင်ဆဲပဲလို့ ယူကရိန်း လေတပ်က ကြွေးကြော်ခဲ့ပါတယ်။

 စစ်ပွဲ စတင်ချိန်ကစလို့ ယူကရိန်းဟာ ရုရှား လေယာဉ် ၃၄၂ စီးနဲ့ ရဟတ်ယာဉ် ၃၂၅ စီးကို ပစ်ချခဲ့ပြီးပြီလို့လည်း စစ်တပ်က ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ အဲဒီ ကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ တိတိကျကျ အတည်ပြုဖို့ ခက်သလို ရုရှားကလည်း ဘာတုံ့ပြန်မှတ်ချက်မှ မပေးခဲ့ပါဘူး။

 ယူကရိန်း စစ်ဦးစီး ဌာနက နောက်တနေ့မှာ နောက်ထပ် ရန်သူ့လေယာဉ် တစီးကို ပစ်ချနိုင်ခဲ့ပြီလို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့တုန်းက Facebookမှာ ရေးသားထားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း ရုရှားလေယာဉ် ၁၀ စီးကို တမလွန် ပို့ဆောင်ခဲ့ပြီးပြီလို့လည်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားပါတယ်။

 ယူကရိန်း လေကြောင်းကာကွယ်ရေး ကဏ္ဍကိုပါ တာဝန်ယူရတဲ့ လေတပ်ရဲ့ အကြီးအကဲဖြစ်သူ မိုင်ကိုလာ အိုလက်စ်ချုခ်ကတော့ အခုသီတင်းပတ်ထဲမှာတင် နိုင်ငံအရှေ့ပိုင်း နယ်မြေတွေမှာ ရုရှားရဲ့ Su-34 ဗုံးကြဲတိုက်လေယာဉ် အနည်းဆုံး ၂ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 ဒီလိုမျိုး အလွယ်တကူ ပစ်ချလို့ ရနေတော့ ရုရှားရဲ့ ခေတ်အမီဆုံး တိုက်လေယာဉ်တွေဟာ လေပေါ် ပျံနေတဲ့ အသားကြိတ်စက်တွေနဲ့ တူနေကြောင်း၊ အဲဒီစက်တွေကို ခဏခဏ ပျံသန်းခိုင်းတာမျိုးကို ရုရှား အာဏာပိုင်တွေ အနေနဲ့ ပြန်သုံးသပ် စဉ်းစားသင့်ကြောင်း သူက လှောင်ပြောင်သွားပါတယ်။

 ယူကရိန်းဟာ တစီးကို ဒေါ်လာ သန်း ၃၀၀ ကျော်လောက် တန်ဖိုးရှိနိုင်ပြီး ရုရှားလေတပ်ရဲ့ ရှားပါးပြီး အရေးပါလှတဲ့ A-50 အမျိုးအစား ဝေဟင် စစ်ရေးကွပ်ကဲမှုနဲ့ တာဝေးထောက်လှမ်းရေး လေယာဉ်ကြီး ၂ စီးကိုလည်း တလကျော် ကာလပဲခြားပြီး ပစ်ချထားနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။ ရုရှားအစိုးရက အဲဒီကိစ္စကို ဝန်မခံပေမယ့် ရုရှားလိုလားတဲ့ စစ်ရေး Bloggerတွေကတော့ ဒုတိယမြောက် A-50တစီး မကြာခင်က ပစ်ချခံရတာကို အတည်ပြုထားပါတယ်။

 ပြီးခဲ့တဲ့ ၁၀ ရက်တာအတွင်း ယူကရိန်းက ပစ်ချနိုင်ခဲ့ကြောင်း ကြေညာထားတဲ့ ရုရှား စစ်လေယာဉ်တွေ စာရင်းမှာ A-50 တစီးအပြင် Su-34တွေနဲ့ Su-35 ဂျက်တိုက်လေယာဉ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီ လေယာဉ်တွေကို ဘယ်လို လက်နက် အမျိုးအစားနဲ့ ပစ်ချခဲ့သလဲ ဆိုတာကို ယူကရိန်းက အတိအကျ မထုတ်ပြန်ပေမယ့်လည်း အမေရိကန်က ထောက်ပံ့ထားတဲ့ Patriot အမျိုးအစား လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေရဲ့ လက်ချက် ဖြစ်နိုင်ကြောင်း စစ်ရေး သုတေသီတွေက သုံးသပ်ထားပါတယ်။

Ref: BBC