ဘားအံမှာ ပြည်သူတွေကို အချိန်ပိုင်း အုပ်ကြီးလုပ်ဖို့ စစ်အုပ်စုက အမိန့်ပေး

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံနေရချိန်မှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ BGFက ဘားအံမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဒေသခံပြည်သူတွေကို အချိန်ပိုင်း အုပ်ချုပ်ရေးမှူးတွေ မဖြစ်မနေလုပ်ဖို့ အမိန့်ပေးညွှန်ကြားခိုင်းစေနေပါတယ်။

KNUတပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘားအံမြို့နယ် မြောက်ပိုင်း တကောင်ဘိုး၊ ကျေးနယ်၊ ကြို့ပင်ဆိပ်၊ မြိုင်၊ ကုန်းတန်းကြီးနဲ့ မီးပုံးကျေးရွာတွေက ရပ်မိရပ်ဖတွေကို BGF ၁၀၁၄တပ်ရင်း တပ်ဖွဲမှူး ဗိုလ်တင်ဝင်းက ခေါ်ယူတွေ့ဆုံပြီးနောက်မှာ ဒေသခံတွေအနေနဲ့ အလှည့်ကျအဖြစ် ၁၅ရက်၊ တစ်လ သက်တမ်းရှိတဲ့ အုပ်ချုပ်ရေးမှူးလုပ်ဖို့ ညွှန်ကြားခိုင်းစေခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ထားပါတယ်။

KNLAတပ်ဖွဲ့ဝင်တွေသွားလာလှုပ်ရှားမှုအကြောင်းကို ဖုန်းဆက်သတင်းပေးဖို့အတွက် အခုလို အုပ်ချုပ်ရေးမှူးတွေ အတင်းခန့်အပ်နေတာလို့ သိရပါတယ်။

“တိုက်ပွဲဖြစ်နေတော့ လူကြီးလုပ်မပျော်ဘူးလေ။ စစ်တပ်ကခေါ်လိုက် ကေအဲန်ယူက ခေါ်လိုက်ဆိုတော့ ဘယ်သူမှမလုပ်တော့ အဲ့ဒါမလုပ်မနေရပုံစံမျိုးဖြစ်တယ်။ ကျနော်တို့ဒီဘက်မှာလုပ်တာ အဲ့ဒီပုံစံမျိုးပဲလေ။ သူကြီးကို လာပစ်သတ်သွားတာကိုး။ သူကြီးသေသွားတာလေ အဲ့ဘက် ၂ ယောက်သေသွားတယ်။ ဘယ်သူမှမလုပ်ရဲတော့ဘူးပေါ့ သူကြီးသေတော့။ ကြားညှပ်တာပေါ့။ ကျနော်တို့မှာ ၁ လသူကြီးရှိတယ် ၃ လသူကြီးရှိတယ် အဲ့လိုမျိုး။ လုပ်မပျော်တော့ အလှည့်ကျပေါ့။ မဲနှိုက်ပေါ့။ နင်မဲပေါက်ရင် နင်လုပ် ငါမဲပေါက်ရင် ငါလုပ်ပေါ့။ အမျိုးသမီးလည်းပါတာပဲ။ ခေတ်ကနောက်ပြန်ဆွဲသွားပြီလေ.၏။ လွန်ခဲ့တဲ့အနှစ် ၂၀ က ပုံစံပြန်ဖြစ်သွားတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ဒေသခံပြည်သူလူထု သဘောထားဆန္ဒမပါပဲ ကျေးရွာအုပ်ချုပ်ရေးမှူးနေရာကို အတင်းအကြပ် ခိုင်းစေလုပ်ဆောင်ခိုင်းတာဟာ စစ်ရေးအရ ပြည်သူလူထုကို အသုံးချတာနဲ့ အကြမ်းဖက်ခိုင်းစေတာဖြစ်တယ်လို့ ကေအဲန်ယူ ဒူးသထူခရိုင် တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။

Credit- Kio FM