စင်ကာပူနိုင်ငံမှာ ကိုဗစ်ကူးစက်မှုအသစ် သုံးထောင်နီးပါးဖြစ်ပြီး သေဆုံးသူ တရာကျော်ရှိလာ 

၂၊ အောက်တိုဘာလ၊ ၂၀၂၁။

စင်ကာပူနိုင်ငံမှာ ကိုဗစ်ကူးစက်မှုအသစ် သုံးထောင်နီးပါးလောက် ထပ်ဖြစ်နေပြီး သေဆုံးသူ ၁၀၃ ဦးရှိလာပြီဖြစ်တယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

အသက် ၆၆ နှစ်နဲ့ ၉၆ နှစ်ကြားရှိတဲ့ စင်ကာပူနိုင်ငံသား ၈ ဦးကတော့ ကိုဗစ်နဲ့ ဆက်နွယ်တဲံ့ ရောဂါတွေကြောင့် သေဆုံးခဲ့ရတာလို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

ဒီထဲမှာ အလုံးစုံကိုဗစ်ဆေးထိုးပြီးထားတဲ့သူ ၂ ဦး၊ တစ်ကြိမ်ထိုးပြီးထားသူ ၂ ဦးနဲ့ မထိုးရသေးတဲ့တူ ၄ ဦး ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတွင်းမှာ ကိုဗစ်ကြောင့် သေဆုံးသူဟာ ရက်ဆက်တိုက်ဆိုသလို ရှိနေတာဖြစ်ပြီး ၁၂ ရက်ဆက်တိုက် သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

စင်ကာပူကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ ကူးစက်မှုအသစ် ၂၉၀၉ ဦးမှာ ဒေသတွင်း ကူးစက်မှု ၂၀၇၉ ဦး၊ ရွှေ့ပြောင်းလုပ်သား အဆောင်တွေက ၈၁၈ ဦးနဲ့ ပြည်ပကဝင်လာသူ ၁၂ ဦး ပါဝင်နေတာပါ။

နိုင်ငံရဲ့ ကူးစက်မှု အချက်အလက်သစ်တွေကို စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက စောင့်ကြည့်ရေးအဖွဲ့ ၁၀ ဖွဲ့နဲ့ အနီးကပ်စောင့်ကြည့် မှတ်တမ်းရယူထားတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ အသစ်ကူးစက်ခံရတဲ့သူတွေကို သီးသန့်ထားရှိပြီး စောင့်ကြည့်ကုသမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ အခုဆိုရင်စင်ကာပူနိုင်ငံဟာ  ရောဂါဖြစ်ပွားသူ စုစုပေါင်း ၉၉,၄၃၀ ရှိနေပါပြီ။

စင်ကာပူနိုင်ငံဟာ လူဦးရေရဲ့ ၈၂ ရာခိုင်နှုန်းကို ကာကွယ်ဆေး အပြည့် ထိုးပေးပြီးပြီဖြစ်ပါတယ်။