ရမှတ်တွေ ကျဉ်းမြောင်းဦးမယ့် ပရီးမီးယားလိဂ်နဲ့ လာလီဂါ

၂၊ အောက်တိုဘာလ၊ ၂၀၂၁။

စနေညအတွက် ပရီးမီးယားလိဂ် ပွဲစဉ်တွေကတော့ မန်ယူနဲ့ အဲဗာတန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုနဲ့ စတင်သွားမှာပဲဖြစ်ပါတယ်။

အမှတ်ပေးဇယား ၄ နဲ့ ၅ မှာ ရပ်တည်နေတဲ့ ၂ သင်းစလုံးရဲ့ အခြေအနေဟာ ရမှတ်တူနေပြီး အမှားစောင့်နေကြတဲ့ အခြေအနေပါ။

ဘင်နီတက်ဇ်လက်ထက်မှာ အသားကျအောင် ကြိုးပမ်းနေတဲ့ အဲဗာတန်အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပေးဂိုးမပေးရအောင် ခံစစ်က ကစားထားတာကိုတွေ့ရပါတယ်။

အိမ်ရှင်မန်ယူအသင်းကတော့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ အက်စတွန်ဗီလာကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့လို့ ဖိအားများပြီး ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းအောင် ကစားနိုင်ခဲ့ပေမယ့် အမှတ်ပေးဖလားအတွက် အမှတ်လိုအပ်ချက်က အမှန်တကယ်လိုအပ်နေသေးတာပဲဖြစ်ပါတယ်။

ဒီနှစ် ပရီးမီးယားလိဂ် အမှတ်ပေးရပ်တည်မှုမှာ လီဗာပူးလ်အသင်း ၁၄ မှတ်ကလွဲလို့ ကျန် အဆင့်၂က‌နေ အဆင့် ၆ထိ အသင်းတွေဟာ ၁၃ မှတ်တွေနဲ့ ထူးထူးခြားခြားတူညီနေတာပါ။

မန်ယူအိမ်ကွင်းမှာ ကစားတဲ့ အဲဗာတန်အသင်းရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် သုံးပွဲ ရလဒ်ဟာ အထင်ကြီးစရာဖြစ်နေပြီး သုံးပွဲစလုံး သရေကစားနိုင်ခဲ့ပါတယ်။

စပိန်လာလီဂါဘက်မှာတော့ ရလဒ်ပိုင်းဆိုးရွားနေလို့ ဖိအားဖြစ်နေတဲ့ နည်းပြ ကိုးမန်းရဲ့ ဘာစီလိုနာအသင်းဟာ အက်သလက်တီကို အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ 

ထိုင်ခုံလှုပ်နေတဲ့ နည်းပြကိုးမန်းအတွက် ဒီတွေ့ဆုံမှုကလည်း အတော်လေး ဖိအားရှိနေပါတယ်။ အက်သလက်တီကိုကွင်းမှာ ကစားရတိုင်း ပြတ်သားတဲ့ ရလဒ်တစ်ခု မစွမ်းဆောင်နိုင်တဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိခြေစွမ်းအရ ခက်ခဲစေဦးမှာပါ။

အိမ်ရှင် အက်သလက်တီကိုကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၅ ပွဲမှာ ၂ သင်းပေါင်း သွင်းဂိုး ၃ ဂိုးဖြစ်တဲ့ပွဲ တစ်ပွဲသာ ရှိခဲ့ပါတယ်။ 

ဒီထဲမှာ အက်သလက်တီကိုအသင်းက တစ်ပွဲနိုင်ပြီး ဘာစီလိုနာအသင်းက နှစ်ပွဲအနိုင်ကစားထားတာပါ။ 

မန်ယူအသင်းနဲ့ အဲဗာတန်းအသင်းကတော့ ဒီကနေ့ ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အက်သလက်တီကိုအသင်းနဲ့ ဘာစီလိုနာအသင်းတို့ကတော့ ဒီကနေ့ ည ၁နာရီခွဲအချိန်မှာ ကစားသွားမှာဖြစ်ပါတယ်။

ကျန်ပွဲစဉ်တွေရဲ့ ပွဲကစားချိန်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။