ဒလ၊တွံတေးနဲ့ ကော့မှူးမြို့နယ်တွေမှာ ဗုံးပေါက်ကွဲ

၂၊ အောက်တိုဘာလ၊ ၂၀၂၁။

အောက်တိုဘာ၁ရက်နေ့ညဦးပိုင်းက ရန်ကုန်တိုင်း၊တောင်ပိုင်းခရိုင် ဆက်စပ်၃မြို့နယ်ဖြစ်တဲ့ ဒလ၊တွံတေးနဲ့ ကော့မှူးမြို့နယ်တွေမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

ဗုံးဖောက်ခွဲမှုတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့မိတ်ဖက်အဖွဲ့တွေ ချိတ်ဆက်စီစဥ်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့၀င်တွေ အထိအခိုက်အကျအဆုံးမရှိခဲ့ဘူးလို့ သိရပါတယ်။

(ဒလ)

အောက်တိုဘာ၁ရက်နေ့၊ည၇နာရီခွဲလောက်မှာ ဒလမြို့၊ကမာကဆစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီးလူသေဆုံးထိခိုက်မှုမရှိဘူးလို့ ဒလပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုင်ခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

‘လူမထိဘူး။လုပ်တာတော့ အထိလုပ်တာ။လူတွေအပြင်ထွက်တဲ့အချိန်နဲ့ကပ်လွဲသွားတာ။ပထမပိုင်းတုန်းက တော့ သတိပေးတဲ့သဘောပဲလုပ်ကြတာ။အခုနောက်ပိုင်းတွေတော့ လူအထိလုပ်ကြတော့မှာ’လို့ သူကပြောပါ တယ်။

ကမာကဆစ်အုပ်ချုပ်ရေးမှူးရုံးဗုံးကွဲပြီးမကြာမီ ည၇နာရီမိနစ်၅၀လောက်မှာ ဒလမြို့နယ်၊ကျန်စစ်သားရပ်ကွက် က ဒလအမှိုက်ပုံကြီးမှာ အင်အားပြင်းဗုံးတစ်လုံးထပ်ပေါက်ကွဲခဲ့ပါတယ်။

‘အဲဒီအမှိုက်ပုံနားမှာ ဒလန်ရှိတယ်လို့လည်းကြားမိတယ်။ပေါက်ကွဲသံတော်တော်ကျယ်လို့ အိမ်တောင်တုန်သွား တယ်။’လို့ ဒလမြို့ခံတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုတွေအပြီး စစ်ကားတွေရောက်ရှိလာပြီး မြို့အနှံ့ လိုက်လံခြိမ်းခြောက်ခဲ့တယ်လို့သူကပြောပါတယ်။

အဲဒီဖောက်ခွဲမှုကို ဒလပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းလုပ်ကိုင်ကြခြင်းဖြစ်ပြီး လူသေဆုံးထိခိုက်မှုကိုမူ အတည်မပြုနိုင်သေးဘူးလို့ ဒလပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆို ပါတယ်။

(ကော့မှူး)

အောက်တိုဘာ၁ရက်နေ့ည ၇နာရီ၁၅မိနစ်လောက်က ကော့မှူးမြို့နယ်၊ပုပ္ပါးရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

အုပ်ကြီးအိမ်ထဲ မီးလောင်နေတာကိုတွေ့ရပြီး ပေါက်ကွဲသံကိုလည်း ကျယ်ကျယ်လောင်လောင်ကြားခဲ့ရတယ် လို့ သိရပါတယ်။

‘လူနာတင်ကားရောက်လာတာကိုလည်းမြင်ရတယ်။ဒါပေမဲ့၊သွားမကြည့်ရဲတော့ သေသလား၊ဒဏ်ရာရသလား သေချာ အတည်မပြုနိုင်ဘူး’လို့ ပုပ္ပါးရွာသားတစ်ဦးကပြောပါတယ်။

(တွံတေး)

အောက်တိုဘာ၁ရက်နေ့ညဦးပိုင်းမှာပဲ တွံတေးမြို့၊ကျွန်းတောရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။

ဒီပေါက်ကွဲမှုကို တွံတေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်ကိုတော့အတည်မပြုနိုင်သေးပါဘူး။

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ထိစပ်မြို့နယ်တွေဖြစ်တဲ့ ဒလ၊တွံတေး၊ကော့မှူး၊ကွမ်းခြံကုန်းနဲ့ ဆိပ်ကြီးခနောင် တိုမြို့နယ်တွေက မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဟာ တစ်မြို့နယ်နဲ့ တစ်မြို့နယ် ချိတ်ဆက်ပြီး တိုက်ပွဲဖော်ဆောင် နေကြတာလို့ ဒလပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

‘အခုလောလောဆယ်မှာ စစ်ကောင်စီခန့် အုပ်ကြီးတွေနဲ့ ဒလန်တွေကို ဦးစားပေးချေမှုန်းသွားမယ်’လို့ သူကပြော ပါတယ်။