ပန်ဆိုင်းဒေသမှာ ကိုးကန့်တပ်နဲ့ စစ်အုပ်စုတပ် တိုက်ပွဲတွေ ဆက်ဖြစ်နေ

၂၃၊ ဩဂုတ်လ၊ ၂၀၂၁။

မူဆယ်မြို့နယ် ပန်ဆိုင်းဒေသမှာ တိုက်ပွဲအဆက်မပြတ်ဖြစ်ပွားလျက်ရှိတယ်လို့ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်အုပ်စုတပ်တွေက အင်အားအလုံးအရင်းနဲ့ လှုပ်ရှားလာတာကြောင့် ပန်ဆိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာလို့ ကိုးကန့်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဩဂုတ် ၂၀ရက်က ကိုးကန့်အဖွဲ့ရဲ့ တပ်မဟာ(၅) လက်အောက်ခံတပ်နဲ့ စစ်အုပ်စုတို့ မီတန်တောင်ကြောမှာ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ မွန်းလွဲပိုင်းမှာလည်း ပန်ဆိုင်း ရဲစခန်းမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့လို့ စစ်အုပ်စုတပ်ဘက်က ၂ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၂၁ရက်မှာလည်း မီတန်တောင်ကြောမှာ တိုက်ပွဲဆက်ဖြစ်တာ အပါအဝင် တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာ ထိခိုက်ကျဆုံးအခြေအတွေကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

ကိုးကန့်အဖွဲ့နဲ့ စစ်အုပ်စုတပ်ဟာ ဇူလိုင်လလယ်လောက်က စပြီး မုံးကိုးဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ကာ ဩဂုတ်လမှာတော့ ပန်ဆိုင်းဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။မြန်မာ-တရုတ် နယ်စပ် တလျှောက်က ဒေသခံ ၁၅၀၀ လောက် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရှမ်းမြောက်ဒေသခံ တစ်ဦးကပြောပါတယ်။