ဖျာပုံခရိုင်က အုပ်ချုပ်ရေးမှူးတွေကို လက်နက်ကိုင်ဆောင်ဖို့ ညွှန်ကြားထား

၂၃ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်း မြို့နယ်(၄)မြို့နယ်က အုပ်ချုပ်ရေးမှူးတွေကို လုံခြုံရေးအထူးသတိထား သွားလာနေထိုင်ကြဖို့နဲ့ ပြန်ခုခံဖို့ လေးခွ၊ ဓားမြောင်​တွေကိုင်ဆောင်ထားကြဖို့ ဖျာပုံခရိုင်စီမံကောင်စီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဖျာပုံခရိုင်အတွင်း ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းကိုဆီကို ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ကျည်ဆံတစ်တောင့်နဲ့ သတိပေးစာကို သြဂုတ်လ ၂၀ ရက်နေ့က ပို့ဆောင်ပြီးနောက်ပိုင်းအခုလိုညွှန်ကြားချက်ထွက်လာတာလို့ အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းက​နေ သိရပါတယ်။

ဒါ့အပြင် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်နဲ့ ဒေးဒရဲမြို့နယ်အတွင်းမှာ စစ်ပညာသင်ကြားပြီး ပြန်လည်ရောက်ရှိလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စာရင်းတွေပြုစုကာ အချိန်မီသတင်းပေးပို့ကြဖို့နဲ့ စောင့်ကြည့်ထားဖို့ ထပ်ဆင့်ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

ဧရာဝတီတိုင်းအတွင်း သြဂုတ်လ ၁၉ရက်နေ့မှာ သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာ အုပ်ချုပ်ရေးမှူးဦးမြင့်စန်းနဲ့ သြဂုတ်လ ၂၀ရက်နေ့မှာ ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းကိုတို့ဆီကို ကျည်ဆံတစ်တောင့်နဲ့အတူ သတိပေး စာပေးပို့တဲ့ ဖြစ်စဥ်​တွေရှိခဲ့ပါတယ်။