ဖားကန့်မှာ ဖုန်းအင်တာနက်နဲ့ Wifi လိုင်းတွေဆက်လက်ဖြတ်တောက်ထား

ဖားကန့်မြို့နယ်မှာ ဩဂုတ်လ ၂၀ရက်နေ့ ည၈နာရီခန့်ကစပြီး ဖုန်းအင်တာနက်နဲ့ ဝိုင်ဖိုင်တွေကို အကြမ်းဖက်စစ်အုပ်စုက ဖြတ်တောက်ထားလျှက်ရှိရာ ဩဂုတ်လ ၂၂ရက်နေ့ ညနေပိုင်းအထိ ဆက်လက်ဖြတ်တောက်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ကြေညာသတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာမရှိဘဲ အခုလို ဖုန်းလိုင်းဆက်သွယ်ရေးကိုသာ ဖွင့်ထားပေးပြီး အင်တာနက်တွေအားလုံးကို ဖြတ်တောက်ထားတာပါ။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ စစ်တပ်နဲ့ရဲတွေဟာ ကျေးရွာတွေမှာ ရှိတဲ့ စခန်းငယ်နဲ့ရဲကင်းအချို့ကို စွန့်ခွါပြီးနောက် တပ်ရင်းမှူးအခြေစိုက်ရာ မြို့ပေါ်ကို ပြောင်းရွေ့နေကြပါတယ်။

မြို့ပေါ်က စာသင်ကျောင်းတွေနဲ့ အချက်အချာကျတဲ့ နေရာတွေမှာ တပ်စွဲမှုတွေ လုပ်ဆောင်ထားတာကြောင့် ဒေသခံတွေက တိုက်ပွဲကြီးတွေ ဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။