မိုးကုတ်မှာ တောင်ကမ်းပါးယံပြိုလို့ လူ ၇ဦးပိတ်မိခဲ့

၁၃ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့မှာ မိုးသည်းပြီး တောင်ကမ်းပါးယံ ပြိုကျလို့ လူ ၇ဦးပိတ်မိတဲ့ ဖြစ်စဉ် ဒီနေ့ ဩဂုတ်လ ၁၃ရက်နေ့ မနက် ၆နာရီကျော်က ဖြစ်ပွားခဲ့ပါတယ်။

မြို့မရပ်ကွက်၊ မြို့မအပိုင်း(၄)မှာ တောင်ကမ်းပါးယံ ပြိုပြီး လူနေအိမ်ပေါ်ကို ဖုံးလွှမ်းသွားခဲ့တာပါ။

မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွယ်ကယ်ဆေးရေးလုပ်ရာမှာ ပိတ်မိနေတဲ့ လူ ၇ဦးထဲက အမျိုးသား ၅ဦးနဲ့ ကလေး ၁ဦးကို

အသက်ရှင်လျက် ကယ်နိုင်ခဲ့ပြီး လူမှုကူညီရေးအသင်းတွေက မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ကျန်တစ်ဦးကိုတော့ ဆက်လက်ရှာဖွေနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မိုးကုတ်မြို့မှာ အခုသီတင်းပတ်အတွင်း မိုးဆက်တိုက်ရွာသွန်းနေပြီး မနေ့ကလည်း မိုးကုတ်မြို့အနောက်ပိုင်းမှာ ဓာတ်တိုင်တွေ ပြုတ်ကျပြီး နေအိမ်တအိမ်ပေါ် ပြုတ်ကျလို့ လူ ၃ဦးသေဆုံးခဲ့ပါတယ်။