မြန်မာ့စီးပွားရေး ၁၈ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်း

၂၆ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

စစ်အာဏာသိမ်းပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ကိုဗစ်ကပ်ရောဂါကူးစက်မှု မြင့်တက်နေချိန်မှာပဲ အခုနှစ်အတွင်း မြန်မာ့စီးပွားရေး ၁၈ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

လာမယ့်လတွေမှာလည်း စီးပွားရေးအကြပ်အတည်း ပိုဆိုးလာနိုင်ပြီး အလုပ်အကိုင် ၁ သန်းလောက် ဆုံးရှုံးနိုင်တယ်လို့

ဒီနေ့ (ဇူလိုင်လ ၂၆ရက်)နေ့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ Myanmar Economic Monitor အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ရက်ကတည်းက မြန်မာပြည်သူတွေဟာ ကပ်ရောဂါဘေးသာမက အာဏာရှင်ဖိနှိပ်မှုဒဏ်ကိုပါ တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရတာပါ။

ဒါ့အပြင် ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအဆင့်သတ်မှတ်ချက်တွေကို တွက်ဆတဲ့ Fitch Solutions ရဲ့ ဇွန်လ တွက်ကိန်းအရ အခုနှစ်အတွင်း မြန်မာ့စီးပွားရေး ၂၀ရာခိုင်နှုန်း ကျဆင်းနိုင်တယ် (ဒါမှမဟုတ်) စက်တင်ဘာလကုန်မှာ ဒီထက်ပိုကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

“မေလနဲ့ ဇွန်လက တချို့ဒေသတွေမှာ တည်ငြိမ်တဲ့ ရှေ့ပြေးလက္ခဏာတွေ တွေ့ရချိန်မှာပဲ စီးပွားရေးလည်ပတ်မှု တစ်ခုလုံးကတော့ အင်မတန်အားနည်းနေတယ် ပြီးတော့

ဇူလိုင်လနောင်ပိုင်းမှာ စီးပွားရေး ထပ်ကျနိုင်တယ်”လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် Kim Alan Edwards က ပြောပါတယ်။

ကပ်ရောဂါက မြန်မာနိုင်ငံစီးပွားရေးအပေါ် ထပ်တိုးရိုက်ခတ်စေပြီး ပြည်သူတွေရဲ့ အသက်ရှင်ရည်တည်ရေးနဲ့ စားဝတ်နေရေးကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့လည်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်စာဆီဈေး ထက်ဝက်မြင့်တက်လာတာ ၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းတာ ၊ စားနပ်ရိက္ခာရှားပါးမှု ကြီးထွားလာတာ ၊ အလုပ်လက်မဲ့နှုန်း မြင့်တက်လာတာ စတဲ့အကြောင်းအရာတွေကိုလည်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။