ဧရာဝတီဘဏ်ရဲ့ ငွေသယ်ယာဉ် ဓားပြတိုက်ခံရမှုမှာ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေကို ဖမ်းဆီးရမိ

၁၄၊ စက်တင်ဘာလ၊ ၂၀၂၁။

ရန်ကုန်-မန္တလေး ကားလမ်းပေါ်မှာ စက်တင်ဘာလ ၁၃ရက်နေ့က ဧရာဝတီဘဏ်ရဲ့ ငွေသယ်ယာဉ်ကို ဓားပြတိုက်မှုမှာ ကျူလွန်တယ်လို့ စွပ်စွဲခံရသူတွေကို ဖမ်းဆီးရမိတယ်လို့ အကြမ်းဖက်စစ်အုပ်စုက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘဏ်ဝန်ထမ်း ၅ဦးနဲ့အတူ ငွေကျပ် ၄ဘီလီယံသယ်ဆောင်လာတဲ့ ငွေသယ်ယာဉ်ကို ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင် ၂၅/၅နေရာမှာ ယာဉ်ထိန်းရဲဝတ်စုံဝတ်ဆင်ထားသူတစ်ဦး၊ ရဲဝတ်စုံဝတ်ဆင်ထားသူတစ်ဦးနဲ့ အရပ်ဝတ်တွေ ဝတ်ဆင်ထားသူ ငါးဦးက လက်နက်တွေနဲ့ ယာဉ်ကိုစစ်ဆေးဖို့ ရပ်တန့်ခိုင်းပြီးနောက် ဓားပြတိုက်သွားတာလို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်းတွေအရ ကျူးလွန်သူတွေလို့ ယူဆရသူတွေကို လိုက်လံရှာဖွေရာမှာ ဓားပြတိုက်ရာမှာ ယူနီဖောင်းတွေကို ပေးအပ်ခဲ့သူ ပဲခူးမြို့မှာ မြင့်မြင့်နိုင်ဆိုသူကို

ပထမဆုံး ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်တွေအရ မဥမ္မာ၊ ကိုရန်လင်းထွေး၊ ကိုအောင်ပြည့်ခန့်နဲ့ ကိုဘုန်းခန့်တို့ကို M79 ဗုံးပစ်လောင်ချာတစ်လက်၊ ငွေကျပ် သိန်း၇၀၀နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်စစ်ဆေးချက်တွေအရ ဓမ္မဒူတသီလရှင်ကျောင်းတိုက်မှာ အပ်နှံထားတဲ့ ပိုက်ဆံတွေနဲ့အတူ လက်နက်တွေကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကျူးလွန်သူလို့ စွပ်စွဲခံရသူအချို့မှာ ရှောင်တိမ်းနေပြီး ဆက်လက်ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်နေတယ်လို့ အကြမ်းဖက်စစ်အုပ်စုက သတင်းထုတ်ပြန်ထားပါတယ်။