နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေးပြန်လည်ကောင်းမွန်

၁၄၊ စက်တင်ဘာလ၊ ၂၀၂၁။

ကားမူးပြီး နေမကောင်းဖြစ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာတာကြောင့် ဒီကနေ့ စက်တင်ဘာလ ၁၄ရက်နေ့မှာ နေပြည်တော်ကောင်စီဝင်းအတွင်း ဇဗ္ဗူသီရိမြို့နယ်က သီးသန့်အထူးတရားရုံးက ရုံးချိန်းကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“ ဒီနေ့တော့ အမေကျန်းမာရေးကောင်းပါတယ်။ မနေ့ကတော့ ကားကြောင့် မူးတာလို့ပြောပါ တယ်။ သူကနဂိုကတည်းကလည်း ကားမူးတတ်တယ်လို့ပြောပါတယ်။သူအိမ်ပြန်ရောက်တော့ ဆရာဝန်နဲ့ကုသမူပေးတယ်။ နောက် တစ်အိမ်လုံးကိုလည်း ကိုဗစ်ထပ်စစ်ရတယ်ပြောပါတယ်။

ဒီနေ့တော့ကျန်းကျန်းမာမာပါပဲ။ ပြည်သူတွေကိုလည်းကျန်းမာရေးအတွက်စိတ်ပူတယ်ပြောတယ်။ ဂရုစိုက်ကြဖို့ပေါ့ ပြောပါတယ် ” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေဒေါ်မင်းမင်းစိုးက BBC သတင်းဌာနကို ဖြေကြားထားပါတယ်။

ဒီကနေ့ ရုံးချိန်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ ၂၅ နဲ့ ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်တို့ (၃) ဦးလုံးကို စွဲဆိုထားတဲ့ ဆူပူရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) တို့ကို စစ်ဆေးခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးကာ အမှုပေါင်း ၁၂မှုထိ တရားစွဲဆိုထားပါတယ်။